ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ပထမအကျော့ပွဲမှာ နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းအတွက် ဦးဆောင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ရပ်တန့်လို့ မရတဲ့ တိုက်စစ်မှူး ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် အဖြစ် နော်တင်ဟမ် ဖောရက်စ်နဲ့ အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ယနေ့မနက်မှာတော့ နော်တင်ဟမ် ဖောရက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်က ဆီမီးဖိုင်နယ် ပထမအကျော့ကို နော်တင်ဟမ် ဖောရက်စ်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ စီးတီးဂရောင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ မန်ချက်စတာ ယူနိုက်တက်က ရက်ဖို့ဒ် ၊ ဗက်ဟို့စ်နဲ့ ဖာနန်ဒက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နော်တင်ဟမ် ဖောရက်စ်ကို ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Sky Sports

ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပေမယ့် မန်ချက်စတာ ယူနိုက်တက်က နော်တင်ဟမ် ဖောရက်စ်ထက် ကစားသမားအင်အား ပိုမို တောင့်တင်းတာကြောင့် ယူနိုက်တက်က ပွဲစပွဲဆုံး နော်တင်ဟမ် ဖောရက်စ်ဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပြီး နော်တင်ဟမ် ဖောရက်စ်ကတော့ တန်ပြန်တိုက်စစ်နဲ့သာ မန်ချက်စတာ ယူနိုက်တက်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ် ၀-၃ မန်ချက်စတာ ယူနိုက်တက် ပွဲမှာ ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ပွဲချိန် ၆မိနစ်မှာ မားကပ် ရက်ဖို့ဒ် ၊ ပွဲချိန် ၄၅မိနစ်မှာ ဗက်ဟို့စ်နဲ့ ပွဲချိန် ၈၉မိနစ်မှာ ဘရူနို ဖာနန်ဒက်တို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး ပွဲပြီးချိန်မှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အသင်းအတွက် ဒီရာသီမှာ ၁၈ဂိုး အထိ သွင်းယူပေးထားနိုင်တဲ့ မားကပ် ရက်ဖို့ဒ်ဟာ ရပ်တန့်လို့ မရတဲ့ တိုက်စစ်မှူး ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က – “ရက်ဖို့ဒ်က လက်ရှိ ပြသနေတဲ့ စိတ်ဓာတ် ၊ ခြေစွမ်းနဲ့ အာရုံစိုက်မှုတွေကို ဆက်ထိန်းထားနိုင်ရင် သူဟာ ရပ်တန့်လို့ မရတဲ့ တိုက်စစ်မှူး ဖြစ်နေဦးမှာပါပဲ။ သူက သူ့ရဲ့ ခြေစွမ်းနဲ့ အာရုံစူးစိုက်မှုကို ဆက်ထိန်းထားဖို့ပဲ လိုပါတယ်။ ဘောလုံးလောကမှာ ပုံစံကောင်း တခု ရ ၊ မရ ဆိုတာကို သေးငယ်တဲ့ မျဉ်းလေး တခုနဲ့ပဲ ခြားထားတာပါ။ ဒီတော့ ကိုယ့်ရဲ့ ခြေစွမ်းနဲ့ ပုံစံကောင်း တခုကို လက်လွှတ်ခံလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ အားလုံးကတော့ ရက်ဖို့ဒ် တယောက် လက်ရှိ ခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်” ဆိုပြီး ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကို အသိအမှတ်ပြု ချီးကျူးသွားခဲ့တာပါ။