ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်နေပြီလို့ ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

လိဒ်ယူနိုက်တက် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အိမ်ရှင် လိဒ်ယူနိုက်တက်က အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ဘာစီလိုနာနဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ပွဲစဉ်အတွက် လူအင်အား ချန်တဲ့အနေနဲ့ အဓိက ခံစစ်မှူးတွေ ဖြစ်တဲ့ ဗာရန်း ၊ မာတီနက်ဇ်တို့ကို အနားပေးခဲ့ပါတယ်။

Photo Credit: Football 365

အဓိက ဗဟိုခံစစ်မှူးတွေ ဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ကို အနားပေးခဲ့တာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ခံစစ်ပိုင်း အားနည်းချက်တွေ အများအပြား ရှိခဲ့ပြီး လိဒ်ယူနိုက်တက် တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ် မသေချာမှု ၊ ဂိုးသမား ဒီဂီယာ တယောက် လက်စွမ်းကောင်းတွေ ပြသနိုင်မှုတို့ကြောင့်သာ သက်သာခဲ့တာပါ။

လိဒ်ယူနိုက်တက် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ပွဲချိန် မိနစ် ၇၀ ဝန်းကျင် အထိ နှစ်သင်းစလုံးက ခြေရည်တူ ဖြစ်နေခဲ့ပေမယ့် ယူနိုက်တက်ရဲ့ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဂါနာချိုတို့က ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲ သွားစေခဲ့ပြီး မာတီနက်ဇ် ဝင်လာပြီးနောက် ယူနိုက်တက်ရဲ့ ကစားပုံဟာ ပိုမို မြန်ဆန်လာခဲ့ကာ ပွဲချိန် ၈၀မိနစ်မှာတင် အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်က လုခ်ရှောရဲ့ ဖြတ်တင်ဘောကို လှလှပပ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူပေးခဲ့ကာ ဂါနာချိုကလည်း အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ပွဲချိန် ၈၅မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Football 365

လိဒ်ယူနိုက်တက် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ အဲရစ် တန်ဟက်ဂ်က အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားတဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ကို ကမ္ဘာ့အဆင့် တိုက်စစ်မှူးလို့ ချီးကျူးသွားခဲ့ပြီး သူဟာ ရက်ဖို့ဒ်ကို ဒီထက် ပိုကောင်းတဲ့ တိုက်စစ်မှူး ဖြစ်လာအောင် လုပ်ပေးနိုင်ကြောင်းလည်း ပြောလာပါတယ်။

တန်ဟက်ဂ်က – “ရက်ဖို့ဒ်က ဥရောပမြေမှာ ရှိတဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်နေပါပြီ။ သူက ကမ္ဘာ့အဆင့် တိုက်စစ်မှူးပါ။ ကျွန်တော်က သူ့ကို ပထမဦးဆုံး တွေ့လိုက်တဲ့ အချိန်မှာပဲ သူ့ရဲ့ အရည်အသွေးတွေကို တန်းပြီး သိခဲ့ပါတယ်။ ကျွန်တော်က သူနဲ့ အလုပ်အတူတူ တွဲလုပ်ရလို့လည်း စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်က သူ့ကို ဒီထက် ပိုကောင်းအောင် လုပ်ပေးနိုင်ပါသေးတယ်။ သူက အရမ်းကို မြင့်မားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။