ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ထာဝရ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

စကော့တလန်လူမျိုး ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာ ယူနိုက်တက်ကို ဆယ်စုနှစ် ၂စုကျော်ကြာ ကိုင်တွယ်ခဲ့ရာမှာ အသင်းအတွက် ချန်ပီယံလိဂ် ၂ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ အင်တာ ကွန်တီနန်တယ်ဖလား ၁ကြိမ် ၊ ယူရိုပါ ပိုကယ်ဖလား ၁ကြိမ် ၊ ပရီးမီးယားလိဂ်ဖလား ၁၃ကြိမ် ၊ အက်ဖ်အေဖလား ၅ကြိမ် ၊ ကားလင်းဖလား ၄ကြိမ် ၊ ကွန်မြူနတီဒိုင်း ၁၀ကြိမ် စုစုပေါင်း ဆုဖလားမျိုးစုံ ၃၈လုံး အထိ ရယူပေးခဲ့သူပါ။

Photo Credit: Mirror

ဆာအဲလက်စ် ဖာဂူဆန်ကြောင့် မန်ချက်စတာ ယူနိုက်တက်က လက်ရှိ ကမ္ဘာပေါ်မှာ ဩဇာအာဏာ အကြီးဆုံးကလပ်တွေထဲက တခု အဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုတွေကြောင့်ပဲ ဆာအဲလက်စ် ဖာဂူဆန်ဟာ ယနေ့မှာ ပရီးမီးယားလိဂ်ရဲ့  Hall of Fame စာရင်းထဲကို သူ့ရဲ့ ဂန္တဝင် ပြိုင်ဘက်ကြီး အာစင်ဝင်းဂါးနဲ့အတူ ဝင်ရောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်က မန်ချက်စတာ ယူနိုက်တက် အတွက် ဆုဖလားပေါင်းစုံ ရယူပေးနိုင်ခဲ့သလို ကမ္ဘာ့အဆင့် ကစားသမား များစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သူ ဖြစ်တာကြောင့် အင်္ဂလန်ရဲ့ ဘောလုံးရေးရာ သုံးသပ်သူ အများစုက သူ့ကို ပရီးမီးယားလိဂ်ရဲ့ ထာဝရ အကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်နေကြပြီး ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိလာတဲ့ တန်ဟက်ဂ်ကလည်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အောင်မြင်မှုတွေနဲ့ လုပ်ဆောင်ချက်တွေကို လိုက်မီနိုင်မယ့် နည်းပြမျိုး ထပ်မရှိတော့တာကြောင့် ဆာအဲလက်စ်ဟာ ထာဝရ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း ထောက်ခံသွားခဲ့ပါတယ်။

Photo Credit: Mirror

အဲရစ် တန်ဟက်ဂ်က – “ဆာအဲလက်စ်ကို တခြားနည်းပြတွေနဲ့ ယှဉ်ရတာဟာ အတော်လေးကို ခက်ပါတယ်။ ကျွန်တော်ကတော့ ဆာအဲလက်စ်ဟာ ဘယ်နည်းပြနဲ့ပဲ ယှဉ်ယှဉ် သာနေမယ့် နည်းပြမျိုးလို့ ထင်ပါတယ်။ သူက ပရီးမီးယားလိဂ် ဆုဖလားကို ၁၃ကြိမ် အထိ ရယူနိုင်ခဲ့တယ်။ ပြီးတော့ အသင်းတသင်းကို အချိန်အကြာကြီး အမြင့်ဆုံးအဆင့်မှာ ရပ်တည်နိုင်အောင် တည်ဆောက်ပြခဲ့တယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးက အံ့မခန်းပါပဲ။ ဒါကြောင့် ဆာအဲလက်စ် နီးပါး စွမ်းဆောင်နိုင်မယ့် နည်းပြ (ဒါမှမဟုတ်) ဆာအဲလက်စ်ရဲ့ စွမ်းဆောင်ရည်ကို ကျော်နိုင်တဲ့ နည်းပြတယောက် မပေါ်လာမချင်း ဆာအဲလက်စ်က ပရီးမီးယားလိဂ်ရဲ့ ထာဝရ အကောင်းဆုံးနည်းပြပါပဲ။ ဒါပေမယ့် ဆာအဲလက်စ်ကို ကျော်နိုင်မယ့် နည်းပြမျိုး ပေါ်လာမယ်လို့တော့ မထင်ပါဘူး” ဆိုပြီး ဆာအဲလက်စ် ဖာဂူဆန်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။