ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဘရိုက်တန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် ဘရိုက်တန်ရဲ့ ဂိုးကန်သွင်းခွင့်တွေကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ဂိုးသမား ဒီဂီယာအား ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့က အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဖြစ် ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက ဗိုလ်လုပွဲဆီ တက်နိုင်ဖို့ အတွက် အကောင်းဆုံး လူစာရင်းကို အသုံးပြုကာ ပွဲထွက်လာခဲ့ပါတယ်။

Photo Credit: Sky Sports

ကြားကွင်း ဖြစ်တာနဲ့အညီ နှစ်ဖက်ပရိသတ်အား ညီမျှနေသလို နှစ်သင်းကြားမှာ ခြေစွမ်းပိုင်း ကွာဟချက်လည်း သိပ်မရှိတာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က ဘရူနို ၊ ရက်ဖို့ဒ်နဲ့ အန်တိုနီတို့က အပိုင် ဂိုးကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် ဘရိုက်တန် ဂိုးသမား ဆန်းချက်ဇ်ကို မကျော်နိုင်ခဲ့သလို ဘရိုက်တန် ကစားသမားတွေ ဖြစ်တဲ့ အန်စီဆိုနဲ့ မတ်တို့ရဲ့ အပိုင် ကန်သွင်းချက်တွေကိုလည်း ယူနိုက်တက် ဂိုးသမား ဒီဂီယာက လက်စွမ်းပြ ကာကွယ်မှုတွေနဲ့ တားဆီးနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့က သာမန် ပွဲကစားချိန် အတွင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ပါ ခံယူခဲ့ရပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ မန်ချက်စတာ ယူနိုက်တက်ဘက်က ကစားသမား ၇ဦးစလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ချိန်မှာ ဘရိုက်တန် ကစားသမား မတ်က ပင်နယ်တီ လွဲခဲ့တာကြောင့် ယူနိုက်တက်တို့ဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဘရိုက်တန်ကို အနိုင်ရကာ အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ တက်ရောက်သွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ဗိုလ်လုပွဲမှာတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ ဆီဗီးလားနဲ့ ပွဲစဉ်မှာ အမှားတွေ လုပ်မိခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်မှာ အသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ကာကွယ် စောင့်ရှောက်သွားခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်က ဒီဂီယာဟာ အရမ်းကောင်းတဲ့ ကာကွယ်မှု ၂ကြိမ် လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီဂီယာက ကမ္ဘာ့အဆင့် ဂိုးသမား တဦးပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ့အတွက် အရမ်းကို ဆိုးရွားတဲ့နေ့ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ သူ ကြုံခဲ့ရတဲ့ အရာတွေ အတွက်လည်း ကျွန်တော်က စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ခင်ဗျားက ဂိုးသမား တယောက် ဖြစ်နေရင် ခင်ဗျား လုပ်လိုက်တဲ့ အမှားလေး တခုက ကြီးမားတဲ့ အမှားတခု အဖြစ် ပြောင်းလဲသွားဖို့ ရာခိုင်နှုန်း များပါတယ်။ (ပေးဂိုး ပေးရမှုအား ရည်ရွယ်လျက်) ဒါပေမယ့် ဒီဂီယာရဲ့ အမှားတွေကြောင့် ကျွန်တော်တို့က ရှုံးနိမ့်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အသင်းတသင်း ဖြစ်တဲ့ အတွက် တယောက်က အမှားလုပ်မိရင် သူ့ရဲ့ အမှားကို ဝိုင်းပြီး ဖာထေးပေးရမယ့် တာဝန် ရှိပါတယ်။ ကျွန်တော်တို့က ကြာသပတေးနေ့မှာ သူ့ရဲ့ အမှားကို မဖာထေးပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ ကစားသမားတွေက သူတို့ဟာ ဝေဖန်မှုတွေကို ခံနိုင်ရည် ရှိသလို အရှုံးကနေ ပြန်လည် ရုန်းထနိုင်စွမ်း ရှိတယ် ဆိုတာကို ပြသသွားခဲ့ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။