ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ကွင်းလယ်တိုက်စစ် ကစားသမားလည်း ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ဟာ တပွဲထက် တပွဲ ပိုပို ကောင်းလာတဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ဘက်တစ် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာ ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဘက်တစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ကစားကွက်ပိုင်း အရ အသာစီးနဲ့ ကစားနိုင်ခဲ့သလို အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်က ဘက်တစ်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၁နဲ့ (ပထမအကျော့ ၄-၁ ၊ ဒုတိယအကျော့ ၀-၁) အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ကွာတားဖိုင်နယ်မှာတော့ ဂျူဗင်တပ် ၊ ရိုးမား ၊ ဆီဗီးလား ၊ ဖီယင်နု ၊ လေဗာကူဆင် ၊ စပို့တင်း လစ္စဘွန်း ၊ ယူနီယံ စတဲ့ အသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာပါ။

ဘက်တစ် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပွဲအရေအတွက် အများဆုံး ကစားပေးထားသလို ကွင်းလယ် နေရာစုံမှာ လိုက်လံ ဖြည့်ကစားပေးနေတဲ့ ဘရူနို ဖာနန်ဒက်ကို ချီးကျူးသွားခဲ့ပြီး ဖာနန်ဒက်ဟာ တပွဲထက် တပွဲ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

Photo Credit: Football 365

 

တန်ဟက်ဂ်က – “ဘရူနိုက အားကစားသမားကောင်း တယောက် ပီသသူပါ။ သူ့မှာ ခွန်အားတွေ အများကြီး ရှိပါတယ်။ သူက နေရာစုံမှာ ကစားနိုင်စွမ်း ရှိတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်းကလည်း အတော်လေး ကောင်းပါတယ်။ ပြီးတော့ သူက ပြိုင်ဘက်ကို ဖိအားပေးပြီး ကစားတတ်တယ်။ သူ့ကြောင့်ပဲ ကျွန်တော်တို့က ပြိုင်ဘက်တွေကို ကစားကွက် အသာနဲ့ ဆော့နိုင်တာပါ။ ကျွန်တော်တို့က ဘရူနိုကြောင့်ပဲ ဂိုးဖန်တီးနိုင်မယ့် အခြေအနေတွေကို ကွင်းထဲမှာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဘရူနိုက ပြိုင်ဘက်တွေကို တန်ပြန် ဖိအားပေးတဲ့ ကစားကွက်မှာ အရမ်းကို အရေးပါတဲ့ ကစားသမားပါ။ သူက တဖြည်းဖြည်းနဲ့ ပိုပို ကောင်းလာတာပါ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။