မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဒီတစ်ပတ် weekend မှာ ဖူလ်ဟမ်အသင်းကို အနိုင်ရယူနိုင်ခဲ့ပေမယ့်လည်း ဒီနိုင်ပွဲကြောင့် ဖိအားတွေ မလျော့ကျသွားဘူးလို့ ပြောဆိုလိုက်ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲ နယူးကာဆယ်နဲ့ လိဂ်ဖလား စတုတ္ထအဆင့်ပွဲတွေကို ဆက်တိုက် အရေးနိမ့်ပြီးနောက် တန်ဟက်ဂ်အတွက်ပါ ဖိအားတွေ ဝင်လာခဲ့ပြီး နည်းပြအပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

Photo Credit : Goal

ဖူလ်ဟမ်ကို အဝေးကွင်းမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ယူနိုက်တက်အသင်းဟာ ကစားပုံ အားရစရာ အနေအထားမှာ ရှိမနေသေးပေမယ့် လိုအပ်နေတဲ့ အနိုင်ရလဒ်ကိုတော့ အရ ယူဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ဖူလ်ဟမ်အသင်းနဲ့ နိုင်ပွဲက ကျွန်တော်တို့ရဲ့ ဖိအားတွေကို လျော့သွားတာမျိုး မရှိပါဘူး။ ဖိအားတွေက ရှိနေဆဲပါပဲ။ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးမှာ ပါဝင် ပတ်သက်နေတဲ့သူတွေ အားလုံးအတွက်ကတော့ တောင်းဆိုမှုတွေ အရမ်းမြင့်မားပါတယ်။”

 

Photo Credit : The Telegraph

“ဒါက အသင်းဝန်ထမ်းတွေ အသင်းက ကစားသမားတွေနဲ့ အသင်းနည်းပြတွေအတွက် ဖိအားတွေ အမြဲရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ဂ်က ဒီကြားရက်ထဲမှာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းနဲ့ အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲရဖို့လည်း လိုအပ်နေပါတယ်။

ဒီလို ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ တန်ဟက်ဂ်က ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် လိဂ်ဖလားကို ဆွတ်ခူးပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ Football Writers’ Association ကနေ ပေးအပ်တဲ့ “FWA Northern Managers Award” ဆုကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။