ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ပြိုင်ဘက် ချယ်လ်ဆီးကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ပေးချေကာ ဝယ်ယူထားရတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်ကို ရာသီကုန်ခါနီးမှသာ ပြန်လည် မြင်တွေ့ရဖွယ် ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူဟာ ငယ်စဉ်ကတည်းက ချယ်လ်ဆီးမှာ ကစားခဲ့သူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နွေဈေးကွက်မှာတော့ ချယ်လ်ဆီးကို စွန့်ခွာကာ သူ့အဖေ အားပေးတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit: 90 Mins

မေဆန်မောင့်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာချိန်မှာ အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ဖြစ်တဲ့ နံပါတ်၇ကို ရယူခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၆၂၇မိနစ်သာ ကစားပေးထားနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ခေါ်ယူထားရတဲ့ မေဆန်မောင့်ကို အသင်းရဲ့ လူစာရင်းမှာ ပြန်လည် မြင်တွေ့ချင်နေပေမယ့် မေဆန်မောင့်ကတော့ နိုဝင်ဘာလ ၁၁ရက်နေ့မှာ ရခဲ့တဲ့ ခြေသလုံးကြွက်သားဒဏ်ရာ ကနေ အခုချိန်အထိ ပြန်မသက်သာလာသေးပါဘူး။

Photo Credit: Forbes

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူဟာ မေဆန်မောင့်အပေါ် အများကြီး မျှော်လင့်ထားသူ ဖြစ်တာကြောင့် မေဆန်မောင့်ကို ထုတ်သုံးချင်နေပေမယ့် ဒဏ်ရာတွေ အားလုံး ပျောက်ကင်းသွားမှသာ မေဆန်မောင့်ကို သုံးဖို့ ဆုံးဖြတ်ထားတာကြောင့် ရာသီကုန်ခါနီးမှသာ မေဆန်မောင့်ကို အသင်းရဲ့ လူစာရင်းထဲမှာ ပြန်လည် မြင်တွေ့ရဖွယ် ရှိနေကြောင်း ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်က မေဆန်မောင့်ကို အသင်းရဲ့ လူစာရင်းထဲမှာ တကယ် မြင်ချင်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူ့အပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး ရှိနေလို့ပါ။ မေဆန်မောင့်က ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ ကစားသမား ဆိုတာ သေချာပါတယ်။ အခုချိန်မှာ အရေးအကြီးဆုံးက မေဆန်မောင့်ရဲ့ ကြံ့ခိုင်မှုပါပဲ။ သူက တဆင့်ပြီး တဆင့် ကြံ့ခိုင်မှုကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က သူ့ကို တွန်းအားပေးလို့ မရပါဘူး။ ကျွန်တော်ကတော့ သူ့ကို ရာသီကုန်ခါနီးမှာ ပြန်လည် အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။