ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးကို ဂရုတစိုက် သင်ကြားပေးနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော် ပေးချေခဲ့ရကာ ကတ်စ်မဲရိုးက ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

တဖက်မှာတော့ အသက် ၁၈နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး မိုင်နူးက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အဓိက ကစားလေ့ ရှိကာ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ကတ်စ်မဲရိုး ၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကစားခွင့် ရနေပါတယ်။

ကတ်စ်မဲရိုးနဲ့ ကိုဘီ မိုင်နူးတို့က ယူနိုက်တက်ရဲ့ ဗဟိုကွင်းလယ်မှာ တွဲဖက် ကစားနေတာကြောင့် မိုင်နူးဟာ ကတ်စ်မဲရိုးဆီ ကနေ လေ့လာ သင်ယူမှုတွေ အများကြီး ပြုလုပ်နိုင်ခဲ့သလို ကတ်စ်မဲရိုးကလည်း မိုင်နူးကို သူ့ရဲ့ ညီအရင်း တဦး သဖွယ် သဘောထားကာ ပွဲတွင်းမှာ ဘယ်လို နေရာယူရမယ် ၊ ဘယ်လိုမျိုး ကစားသင့်တယ် စတဲ့ အချက်တွေကို ပြောပြကာ မိုင်နူးကို သင်ပေးနေပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကတော့ ကတ်စ်မဲရိုးဟာ မိုင်နူးကို မြက်ခင်းပြင်ပေါ်မှာသာမကပဲ လေ့ကျင့်ရေးကွင်းမှာပါ အနီးကပ် သင်ကြားပေးမှုတွေ လုပ်ဆောင်နေကြောင်း ကတ်စ်မဲရိုးနဲ့ မိုင်နူးတို့ရဲ့ ချစ်စဖွယ် ဆက်ဆံရေးကို ထုတ်ပြောပြလာပါတယ်။

တန်ဟက်ဂ်က – “ကတ်စ်မဲရိုးက မိုင်နူးကို သေချာလေး စောင့်ရှောက်နေပါတယ်။ သူက ဒီတာဝန်ကို ကျေကျေနပ်နပ်ကြီး ယူထားတာပါ။ ကတ်စ်မဲရိုးက မိုင်နူးကို အမြဲတမ်း စကားပြောလေ့ ရှိပါတယ်။ အဝတ်လဲခန်းထဲမှာရော ၊ လေ့ကျင့်ရေးကွင်းမှာရော ၊ ကွင်းထဲမှာပါ ကတ်စ်မဲရိုးက မိုင်နူးကို စကားပြောတတ်ပါတယ်။ ကတ်စ်မဲရိုးက မိုင်နူးရဲ့ ခြေစွမ်းတွေ ပိုပြီး တိုးတက်လာအောင် ကူညီ လေ့ကျင့်ပေးနေတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။