မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က လက်ရှိမှာ သူနဲ့ ပတ်သက်ပြီး နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ အတော်လေး ထွက်ပေါ်နေပေမယ့်လည်း သူကိုယ်တိုင်ကတော့ ဒီလို အခြေအနေတွေအတွက် စိုးရိမ်နေခြင်း မရှိဘူးလို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ လက်ရှိမှာ ယူနိုက်တက် နည်းပြဘဝ ဒုတိယမြောက် ရာသီကို ဖြတ်သန်းလို့နေပြီး ပွဲဦးထွက် ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေရပါတယ်။

Photo Credit : Reuters

တန်ဟက်ဂ်က ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆)ပွဲ ကစားပြီးချိန် ရှုံးပွဲက (၇)ပွဲအထိတောင် ရှိနေပြီး ချန်ပီယံလိဂ်မှာဆိုရင်လည်း ဇယားအောက်ခြေနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က ဒီရာသီမှာ ခြေစွမ်းပိုင်းတွေ အားနည်းလာခဲ့ပြီး ကစားကွက်ကလည်း မယ်မယ်ရရ မရှိပဲ လျော့တိလျော့ရဲ ဖြစ်နေရပါတယ်။

ဒီလို အခြေအနေတွေကြောင့် တန်ဟက်ဂ်ရဲ့ နည်းပြရာထူးက စိုးရိမ်စရာ အနေအထားကို ရောက်လာခဲ့ပေမယ့်လည်း တန်ဟက်ဂ်ကတော့ “ဒီလို စိုးရိမ်နေတာမျိုးတွေ ကျွန်တော့်မှာ ရှိမနေပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဒီကို အောင်မြင်မှုတွေ ရယူပေးဖို့ ရောက်လာခဲ့တာကြောင့်ပါ။ ပြီးတော့ အသင်းကိုလည်း ပိုကောင်းအောင် လုပ်ဆောင်သွားပါမယ်။”

Photo Credit : Reuters

“အသင်းက ကောင်းကောင်း ကစားနိုင်ရင်တောင်မှ ကျွန်တော်က ကောင်းတာနဲ့ မလုံလောက်သေးဘူးလို့ ပြောသေးတာ။ အခု ကျွန်တော်တို့က တည်ငြိမ်မှု မရှိတာဆိုတော့ အသင်းအနေနဲ့ မြင့်မားတဲ့ အဆင့်တစ်ခုမှာ အချိန်အကြာကြီး ကစားသွားနိုင်ဖို့အတွက် ကျွန်တော် ကြိုးစားသွားရပါမယ်။”

“အသင်းဘက်ကလည်း ကျွန်တော့်ကို ထောက်ခံ အားပေးနေတယ်လို့ ခံစားမိပါတယ်။ ဒါကိုလည်း သူတို့က ကျွန်တော့်ကို ပြောပြထားပါတယ်။ ဒါတွေဟာ ပြသာနာ မရှိပါဘူး။ လောလောဆယ်မှာ ကျွန်တော်က အသင်းရဲ့ တိုးတက်မှုတွေအတွက်ပဲ အာရုံစိုက်နေပါတယ်။ အသင်းကို ပိုကောင်းအောင် ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုတွေ ကောင်းမွန်လာအောင်ပဲ အာရုံစိုက်နေပါတယ်။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။