ဝက်စ်ဟမ်းအသင်းကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ (၂)ဂိုးပြတ် အရေးနိမ့်ခဲ့ရပေမယ့်လည်း သူရဲ့အသင်းက ခိုင်မာတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့သလို ဂိုးတွေ မသွင်းယူနိုင်ခဲ့တာကြောင့်သာ အခုလို ရလဒ်မျိုး ထွက်ပေါ်ခဲ့ရတာလို့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ပထမပိုင်း ပွဲကစားချိန်တွေအတွင်း အိမ်ရှင် ဝက်စ်ဟမ်းဘက်ကို ထိုးဖောက်မှုတွေ များစွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း တောင်ပံ ကစားသမားလေး ဂါနာချို အပိုင် အသုံးမချနိုင်ခဲ့လို့သာ ပွဲကို ဦးဆောင်ထားနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

 

Photo Credit : Football365

ဒုတိယပိုင်းမှာတော့ ဘိုဝင် ၊ ကူဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဝက်စ်ဟမ်းက ယူနိုက်တက်ကို ပြတ်ပြတ်သားသား ဦးဆောင်ခဲ့ပြီး တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ (၈)ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “အသင်းက ခိုင်မာတဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပေမယ့် ဂိုးတွေတော့ မသွင်းယူနိုင်ခဲ့ဘူး။ ကျွန်တော်တို့က ပွဲချိန် (၇၂)မိနစ် မတိုင်ခင်ထိ ခြေထဲမှာ ဘောလုံး ရှိရှိမရှိရှိ ပွဲကို ထိန်းချုပ် ကစားထားနိုင်ခဲ့တယ်။ ပြိုင်ဘက်အသင်းဘက်ကိုလည်း ဘာ အခွင့်အရေးမှ မပေးရအောင် ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် တချက်လေး အပြောင်းအလဲ ဖြစ်သွားခဲ့ရတယ်။”

Photo Credit : Eurosport

“ဝက်စ်ဟမ်းက ပွဲချိန်တော်တော်များများမှာ ကျွန်တော်နဲ့ သေချာ ယှဉ်မကစားနိုင်ခဲ့ပေမယ့် ဂိုးတစ်ဂိုး ရသွားချိန်မှာတော့ သူတို့ ကစားပုံက ပိုမာကြောလာတယ်။ ခံစစ်ကစားပုံလည်း ကျစ်လစ်လာလို့ ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ဖန်တီးရတာက ပိုခက်ခဲလာခဲ့ရတယ်။ အခု ကျွန်တော်တို့က စွမ်းဆောင်မှုပိုင်း ကျဆင်းနေတဲ့ အခြေအနေကို ရောက်ရှိနေရတယ်။”

“ဒါကလည်း အသင်းမှာ ဒဏ်ရာရ ကစားသမား အရေအတွက်တွေ အရမ်းများပြားနေတာကြောင့်ပါ။ အဲ့ဒီကစားသမားတွေ ပြန်လည် သက်သာလာလို့ အသင်းအတွက် ပြန်ကစားပေးနိုင်ပြီဆိုရင် အသင်းက အကောင်းဆုံး အနေအထားကို ရောက်လာလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့တွေ စိတ်ရှည်ဖို့ လိုမယ်။ အားလုံး အတူတကွ ရှိနေဖို့ လိုပါမယ်။” လို့ ပြောဆိုလိုက်ပါတယ်။