ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်က သူ့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ယူးထရက်ချ်ရဲ့ အဓိက ကွင်းလယ်လူ ဒေးဗစ်ဘုချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက်ဇ် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ ဖရက်ဒ် ၊ ဗန်ဒီဘိခ် ၊ တော်မီနေး စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် တော်မီနေး ၊ ဖရက်ဒ်နဲ့ ဗန်ဒီဘိခ်တို့ဟာ ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေသလို အဲရစ်ဆင်ကလည်း သူ့ရဲ့ နှလုံးရောဂါကြောင့် တရာသီလုံး ကြံ့ခိုင်မှု အပြည့်နဲ့ ကစားပေးဖို့ မလွယ်ကူတော့ပါဘူး။

Photo Credit: Team Talk

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်က ယခု နွေဈေးကွက် အတွင်းမှာ ကွင်းလယ်လူ ၂ဦးခန့် ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်၁ ကွင်းလယ်ပစ်မှတ်ကတော့ ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပေမယ့် ချယ်လ်ဆီးဘက်က စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ မေဆန်မောင့် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅သန်း အထိ တောင်းဆိုနေတာကြောင့် မေဆန်မောင့်ကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က မေဆန်မောင့်ကို ခေါ်ယူဖို့ ခက်ခဲနေပြီးနောက် ယူးထရက်ချ်မှာ ခြေစွမ်းပြ ကစားနေတဲ့ အမေရိကန် လူငယ် ကွင်းလယ်ကြယ်ပွင့် ဒေးဗစ်ဘုချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး မန်ချက်စတာ ယူနိုက်တက်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဒေးဗစ်ဘုချ်အတွက် ကမ်းလှမ်းမှု လုပ်လာနိုင်ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် အမေရိကန်လက်ရွေးစင် ကွင်းလယ်လူ ဒေးဗစ်ဘုချ်က ကွင်းလယ်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူးထရက်ချ် အတွက် ပြိုင်ပွဲစုံ ၃၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ကာ ယူးထရက်ချ်ကတော့ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း ဝန်းကျင် လိုချင်နေပါတယ်။