ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး ဒီနေ့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား ပွဲစဉ်ကိုပါ ပါဝင်သွားဖွယ် ရှိနေတဲ့ ကွင်းလယ်ကစားသမား မေဆန်မောင့်က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိကကျတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သုံးသပ် ပြောကြားလိုက်ပါတယ်။

ဒီရာသီမှ ချယ်လ်ဆီးကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန် ကွင်းလယ်လူ မေဆန်မောင့်ဟာ သူရဲ့ ဒဏ်ရာ ပြသာနာကြောင့် နိုဝင်ဘာကနေ အနားယူနေခဲ့ရပြီး အသင်းရဲ့ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၂၃)ပွဲအထိ လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : Transfermarket

မကြာခဏ ဆိုသလို ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတက်ပြီး အသင်းမှာလည်း အံ့မဝင်နိုင်တဲ့ မေဆန်မောင်ကို ပေါင် သန်း(၆၀)အထိ အသုံးပြုကာ ခေါ်ယူထားခဲ့တဲ့အပြင် အသင်းရဲ့ အထင်ကရ ကျောနံပါတ် (၇)ကိုပါ ဝတ်ဆင်စေခဲ့တဲ့အပေါ် ယူနိုက်တက် ပရိသတ်များစွာက သဘောမကျ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် ကြွက်သားဒဏ်ရာကြောင့် (၄)လနီးပါးလောက်အထိ အနားယူနေရတဲ့ မေဆန်မောင့်ကို ယူနိုက်တက် ပရိသတ်တွေကပါ မေ့နေကြပြီး အသင်းအတွက် ပြန်ကစားပေးနိုင်ရင်လည်း ခြေစွမ်းမပြနိုင်ပဲ ဆက်လက် ရုန်းကန်နေရလိမ့်မယ်လို့သာ ယုံကြည်နေပါတယ်။

Photo Credit : Goal

ဒါပေမယ့် မေဆန်မောင့်ကို နယ်သာလန်လိဂ်မှာကတည်းက နှစ်သက်ခဲ့ရသူ တန်ဟက်ဂ်ကတော့ “မေဆန်မောင့်က ဒီအသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာမယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။”

“သူ့အနေနဲ့ ကြံခိုင်မှု ပြည့်နေမယ်ဆိုရင် အသင်းမှာ အံ့ဝင်ခွင်ကျ ကစားနိုင်ပြီဆိုရင်တော့ မန်ယူနိုက်တက်အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးနိုင်မယ့် ကစားသမားတစ်ယောက်အဖြစ် ပါဝင်လာနိုင်ပါလိမ့်မယ်။” လို့ အခိုင်အမာ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။