ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ် ၀-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာ ယူနိုက်တက်နည်းပြဘဝ နိုင်ပွဲ ၅၀ပွဲ ပြည့်သွားခဲ့ကြောင်း သိရပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ၂၀၂၂ခုနှစ် ၊ ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက်နည်းပြဘဝ ၁နှစ်ခွဲ ကာလအတွင်းမှာ အသင်းအတွက် ကာရာဘောင်း ဆုဖလား တလုံး ရယူပေးထားပါတယ်။

Photo Credit: Euro Sports

ယမန်နေ့ညမှာတော့ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝ ၇၈ပွဲမြောက် ပွဲအဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ တန်ဟက်ဂ်က ဒဏ်ရာရ ကစားသမား များပြားနေမှုကြောင့် အရန် ကစားသမားတွေ ဖြစ်ကြတဲ့ အီဗန် ၊ တော်မီနေး ၊ ဂါနာချို စတဲ့ ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ရပါတယ်။

အရန် ကစားသမားတွေနဲ့ အဓိက ကစားသမားတွေ ရောယှက်ကာ ပွဲထွက်လာခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ ဖူလ်ဟမ်ကို ကစားပုံအသာနဲ့ ကစားနိုင်ခဲ့သလို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပွဲချိန် မိနစ် ၉၀မှာ အသင်းအတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အဝေးကွင်းမှာ ရမှတ် ၃မှတ်ကို အပြည့်အဝ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

ဖူလ်ဟမ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အပြီးမှာ ၆ပွဲနိုင် ၊ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၁၈မှတ် စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်၈နေရာကို ရောက်ရှိနေပါတယ်။

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို ၇၈ပွဲ ကိုင်တွယ်ခဲ့ရာ ၅၀ပွဲနိုင် ၊ ၈ပွဲသရေ ၊ ၂၀ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ရယူထားနိုင်ကာ နည်းပြဟောင်း ဟိုဆေး မော်ရင်ဟိုနဲ့အတူ ယူနိုက်တက်သမိုင်းမှာ နိုင်ပွဲ ၅၀ အမြန်ဆုံး ပြည့်တဲ့ နည်းပြ တဦး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။