ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က မကြာသေးမီကမှ သူကိုယ်တိုင် အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချထားတဲ့ ဗဟိုနောက်ခံလူ မက်ဂွိုင်းယားကို ယခု နွေဈေးကွက် အတွင်းမှာ မရောင်းချတော့ပဲ အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် အဲလစ်စ် ခရော့က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် ၃ရာသီကြာ တာဝန်ယူခဲ့သူ ဖြစ်ပေမယ့် မကြာသေးမီကမှ သူ့ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို အသင်းဖော် ဘရူနို ဖာနန်ဒက်ဆီ လွှဲပေးခဲ့ရပါတယ်။

Photo Credit: Sky Sports

ဟယ်ရီ မက်ဂွိုင်းယားက အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးခဲ့ရသလို တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် သူဟာ ယခု နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့သလို မက်ဂွိုင်းယားကို ခေါ်ယူချင်တဲ့ အသင်းတွေလည်း အလျိုလျို ထွက်ပေါ်လာပါတယ်။

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်ကလည်း မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် ရရင် ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် မက်ဂွိုင်းယား ကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက်ကို မစွန့်ခွာချင်သလို ပုံမှန် ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်ရှိနေခဲ့တာပါ။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ယခု နွေဈေးကွက် အစပိုင်းမှာ မက်ဂွိုင်းယားကို ရောင်းထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် ခြေစမ်းပွဲတွေ ကစားအပြီးမှာ မက်ဂွိုင်းယားရဲ့ ခြေစွမ်းပိုင်းကို သဘောကျလာတာကြောင့် အသင်းမှာ နောက်ထပ် တရာသီ ဆက်ထားသွားဖို့ ဆုံးဖြတ်လိုက်ကြောင်းနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မက်ဂွိုင်းယားအား အသိပေးထားတယ်လို့ သိရပါတယ်။

မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်မှာ တရာသီ ဆက်ကစားခွင့် ရခဲ့ပေမယ့် ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က မက်ဂွိုင်းယားကို အသင်းရဲ့ တတိယ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ် သတ်မှတ်ထားကြောင်း အတွင်းသတင်းတွေက ဆိုပါတယ်။