ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၇)မှာ ဆောက်သမ်တန်ကို သရေကျခဲ့ရတာဟာ ဒိုင်လူကြီးတွေရဲ့ ပွဲအပေါ် လွှမ်းမိုးမှုကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၇) အဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ကစားကွက်အသာနဲ့ ဆောက်သမ်တန်ကို ဖိအားပေးကာ တရစပ် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၃၄မိနစ်မှာ အဓိက ကွင်းလယ်လူ ကတ်စ်မဲရိုး တယောက် မထင်မှတ်ပဲ အနီကတ် ထိသွားတာကြောင့် ပွဲရဲ့ အခြေအနေဟာ အနည်းငယ် ပြောင်းလဲသွားခဲ့ရပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ဆောက်သမ်တန်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အယ်ကာရက်ဇ်ရဲ့ ခြေထဲမှာ ရှိနေတဲ့ ဘောလုံးကို ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ရာ ဘောလုံးကို မိမိရရ ဖျက်ထုတ်နိုင်ခဲ့ပေမယ့် အရှိန်လွန်သွားတာကြောင့် အယ်ကာရက်ဇ်ရဲ့ ခြေကျင်းဝတ်ကိုပါ ထိမိသွားခဲ့ပါတယ်။

ကနဦးမှာ ကွင်းလယ်ဒိုင် အန်သိုနီ တေလာက ကတ်စ်မဲရိုးရဲ့ ဖျက်ထုတ်မှုကို အဝါကတ်ပြားသာ ပြသခဲ့ပေမယ့် VARဒိုင်က အနီကတ် ပြသင့်ကြောင်း အကြံပေးခဲ့တာကြောင့် အဝါကတ်ကို ပယ်ဖျက်ကာ အနီကတ် အဖြစ် ပြောင်းလဲ ပြသခဲ့ပြီး တယောက် လျော့သွားချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ဆောက်သမ်တန်ကို အနိုင်ဂိုး မသွင်းနိုင်တော့သလို ဆောက်သမ်တန်ကလည်း ၁၀ယောက်ထဲသာ ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရလောက်တဲ့ အထိ မကောင်းခဲ့တာကြောင့် ပွဲဟာ ဂိုးမရှိ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ရပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက် ၀-၀ ဆောက်သမ်တန် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ကတ်စ်မဲရိုးရဲ့ ဖျက်ထုတ်မှုကို အနီကတ် ပြသခဲ့မှုနဲ့ ဆောက်သမ်တန် နောက်ခံလူ ဘယ်လာ-ကော့ချက်ရဲ့ လက်ထိဘောကို ပင်နယ်တီ မပေးခဲ့မှု အတွက် ဒိုင်လူကြီးတွေကို ဝေဖန်သွားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်ဒိုင်တွေဟာ တိကျတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူးလို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့တွေက ကတ်စ်မဲရိုးရဲ့ ဖျက်ထုတ်မှုနဲ့ ပုံစံချင်း ဆင်တူတဲ့ ဖျက်ထုတ်မှုကို မနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ ချယ်လ်ဆီးပွဲမှာ မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက VARဒိုင်ဟာ အဲ့ဒီ ကစားသမားကို အပြစ်ပေးဖို့ အကြံမပေးခဲ့ပါဘူး။ ဒီနေ့ကျတော့ VARဒိုင်က ကတ်စ်မဲရိုးကို အနီကတ် ပြဖို့ ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ ဒီနေ့ပွဲမှာ ပင်နယ်တီ ရသင့်တဲ့ အခွင့်အရေး ၂ကြိမ် အထိ ရခဲ့ပေမယ့် VARဒိုင်က ကွင်းလယ်ဒိုင်ကို ဘာမှ ဝင်မပြောခဲ့ပြန်ပါဘူး။ အထူးသဖြင့် လက်ထိဘောကို ပင်နယ်တီ မပေးခဲ့တဲ့ ဖြစ်ရပ်ဟာ အတော်လေးကို နားလည်ရခက်ပါတယ်။ ဘာကြောင့် လက်ထိဘောကို ပင်နယ်တီ မပေးခဲ့တာလဲ။ ဒိုင်လူကြီးတွေက ဒီနေ့ပွဲရဲ့ ရလဒ်အတွက် တာဝန်ရှိတဲ့သူတွေပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။