လက်ရှိမှာ ဒူးဒဏ်ရာ ခံစားနေရလို့ အနားယူနေရတဲ့ နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်က ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ ဘောလုံး ပြန်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်မိပါကြောင်း နည်းပြ အဲရစ် တန်ဟက်ဂ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်ကစားသမား မာတီနက်ဇ်ဟာ ခြေထောက်ဒဏ်ရာကြောင့် ဒီရာသီအတွင်း ရက်ပေါင်း (၁၀၅)ရက်နဲ့ ယူနိုက်တက်ရဲ့ ပွဲစဉ်ပေါင်း (၂၂)ပွဲအထိ လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : United in Focus

အခုလည်း မာတီနက်ဇ်က ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာပဲ ကူဖယ်လ်နဲ့ ထိခိုက်မိရင်းနဲ့ ညာဘက် ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ခွဲစိတ်မှု မခံရယူပေမယ့်လည်း အနည်းဆုံးတော့ ရက်သတ္တပတ် (၈)ပတ်ခန့်လောက်အထိ အနားယူသွားရတော့မှာပဲ ဖြစ်ပါတယ်။

မာတီနက်ဇ်က ခြေထောက်ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ယူနိုက်တက်အတွက် (၄)ပွဲသာ ကစားပေးထားရပြီး ဒူးဒဏ်ရာပါ ထပ်မံ ရသွားခဲ့ရပေမယ့် တန်ဟက်ဂ်ကတော့ မာတီနက်ဇ်အနေနဲ့ အခုရာသီ မကုန်ခင်မှာပဲ အသင်းအတွက် ပြန်ကစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်စွာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Youtube

“ဒါက ထိုးနှက်ချက်တစ်ခုဆိုတာ သေချာပါတယ်။ Licha ဒဏ်ရာကနေ သက်သာလာချိန် အသင်းအတွက် ဘယ်လောက်အထိ ပါဝင်ပတ်သက်နိုင်ခဲ့လဲဆိုတာ အားလုံးအမြင်ပါပဲ။ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်း ပါဝင်ပါတယ်။ အခုလို ဒဏ်ရာ ထပ်ရသွားတာက သူ့အတွက်လည်း ဆုတ်ယုတ်မှု ဖြစ်စေရတယ်။”

“အဲ့ဒီအတွက် သူ စိတ်ပျက်ကောင်း စိတ်ပျက်နေနိုင်ပေမယ့် သူက စိတ်ရောကိုယ်ပါ သန်မာတဲ့သူပါ။ သူက ပိုပြီး သန်သန်မာမာနဲ့ ပြန်လာနိုင်မှာ ဖြစ်သလို ဒီဘောလုံးရာသီအတွင်းမှာပဲ ဘောလုံးပြန်ကစားနိုင်ပါလိမ့်မယ်။ အသင်းမှာကလည်း သူကစားနေတဲ့ နေရာမှာ ကစားနိုင်တဲ့ ကစားသမားတွေ ရှိနေလို့ အစားထိုးနိုင်မှာပါ။” လို့ နည်းပြ တန်ဟက်ဂ်က ပြောဆိုခဲ့ပါတယ်။