ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် အာဆင်နယ်ကြယ်ပွင့် ဆာကာနဲ့ ခိုင်းနှိုင်းခံနေရတဲ့ လူငယ်ကြယ်ပွင့် မန်တာတိုကို အသင်းကြီးဆီ ခေါ်ယူကာ အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပေးထားကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစားသမားတွေကို အချိန်ရတိုင်း စောင့်ကြည့်ကာ အကဲဖြတ်လေ့ ရှိပြီး အမှန်တကယ် အရည်အချင်း ရှိတဲ့ ကစားသမားတွေ ဆိုရင် အသင်းကြီးဆီ ခေါ်ယူကာ ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။

Photo Credit: The Sun

တန်ဟက်ဂ်က လက်ရှိမှာ ဂါနာချို ၊ မိုင်နူး စတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် နှစ်ဦးကို မွေးထုတ်ပေးထားသလို အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် ကမ်ဘွာလာကိုလည်း ဒီရာသီမှာ ကစားခွင့်တွေ ပေးကာ ခြေသွေးနေပါတယ်။

တဖက်မှာတော့ အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် မန်တာတိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီအသင်းနဲ့ အတော်လေး တောက်ပနေသူ ဖြစ်ပြီး သူက ၁၆နှစ်သာ ရှိသေးပေမယ့် ယူနိုက်တက်ရဲ့ ယူ-၁၈ အသင်းမှာ ပုံမှန် ကစားခွင့် ရနေပါတယ်။

Photo Credit: Standard

မန်တာတိုက ဘယ်ခြေအားသန် တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး သူက ပြိုင်ဘက်တွေကို လိမ်ခေါက် ဖြတ်ကျော်ရာမှာ ထူးချွန်သလို ကွင်းရဲ့ ညာခြမ်းကနေ အတွင်းကို ချိုးဝင်ကာ သွင်းဂိုးတွေ အလွယ်တကူ သွင်းယူနိုင်စွမ်း ရှိတာကြောင့် အာဆင်နယ်နဲ့ အင်္ဂလန်တို့ရဲ့ ကြယ်ပွင့် ကစားသမား ဘူကာယို ဆာကာနဲ့ ခိုင်းနှိုင်းခံထားရပါတယ်။

မန်တာတိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် ယူ-၁၈အသင်း အတွက် ၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပြီး ယူနိုက်တက်ရဲ့ အကယ်ဒမီအသင်းနဲ့ လူငယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဝင်ကစားခွင့် ရထားကာ တန်ဟက်ဂ်ကတော့ ယခု သီတင်းပတ်ထဲမှာပဲ မန်တာတိုကို အသင်းကြီးဆီ ခေါ်ယူပြီး စီနီယာ ကစားသမားတွေနဲ့ လေ့ကျင့်ခန်းဆင်းခွင့် ပေးရင်း မန်တာတိုရဲ့ ခြေစွမ်းကို အကဲခတ်နေတာကြောင့် ဆာကာလက်သစ် မန်တာတိုကို မကြာခင်မှာပဲ ယူနိုက်တက်ရဲ့ အင်္ကျီနဲ့ မြင်တွေ့ရဖွယ် ရှိနေပါတယ်။