ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ကစားသမားသစ်တွေကို ခေါ်ရင် ခြေစွမ်းထက် စိတ်ဓာတ်ပိုင်းကိုသာ ပိုကြည့်ပြီး တာဝန်ယူလိုစိတ် ရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ရာသီအစကမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ နွေဈေးကွက်ထဲမှာ အန်တိုနီ (တောင်ပံ) ၊ မာတီနက်ဇ် (ဗဟိုခံစစ်) ၊ ကတ်စ်မဲရိုး (ကွင်းလယ်ခံစစ်) ၊ မာလာစီယာ (ဘယ်နောက်ခံ)နဲ့ အဲရစ်ဆင် (ကွင်းလယ်) စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ် ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံးက အချိန်တို အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေ ဖြစ်လာခဲ့ကြပြီး မာတီနက်ဇ် ၊ ကတ်စ်မဲရိုးနဲ့ အဲရစ်ဆင်တို့ ဆိုရင် ပွဲထွက်ခွင့် တနေရာစာကိုပါ အပိုင် သိမ်းနိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာလည်း ဘတ်ဂျက် မရှိတဲ့ ကြားထဲကနေ ဗက်ဟို့စ် (တိုက်စစ်မှူး) ၊ ဆာဘစ်ဇာ (ကွင်းလယ်) စတဲ့ ကစားသမားတွေကို ရာသီဝက်အငှားတွေနဲ့ ခေါ်ယူခဲ့ပြီး အဆိုပါ ကစားသမား နှစ်ဦးစလုံးကလည်း အချိန်တို အတွင်းမှာပဲ အသင်းနဲ့ အံဝင်အောင် ကစားနိုင်ခဲ့သလို ခြေစွမ်းကောင်းတွေပါ အသီးသီး ပြသထားနိုင်ကြပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ သတင်းထောက်တွေက တန်ဟက်ဂ်ရဲ့ လက်နဲ့ ထိလိုက်တဲ့ ကစားသမားတိုင်း ရွှေဖြစ်သွားတယ်လို့ ချီးကျူးနေကြပြီး တန်ဟက်ဂ်ကတော့ သူတို့ဟာ ကစားသမားသစ် တယောက်ကို ခေါ်တဲ့ အခါတိုင်း ခြေစွမ်းထက် စိတ်ဓာတ်ပိုင်းကို ကြည့်ကာ ရွေးလေ့ ရှိတာကြောင့် အခုလိုမျိုး မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်တာ ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ နွေဈေးကွက်ထဲမှာ ကစားသမားသစ် ရှာဖွေတဲ့အခါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိတဲ့ ကစားသမား ၊ တာဝန်ယူတတ်တဲ့ ကစားသမားတွေကိုပဲ ရွေးချယ် ခေါ်ယူခဲ့ပါတယ်။ နည်းစနစ်ပိုင်းမှာ အရမ်း ကျွမ်းကျင်တဲ့ ကစားသမားတွေ ၊ ပြေးအားကောင်းကောင်းနဲ့ ပြေးနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် ကြံ့ကြံ့ခံနိုင်သလို အသင်းရဲ့ တာဝန်တွေကို ပခုံးထမ်းပေးနိုင်မယ့် ကစားသမားတွေကိုပဲ သဘောကျပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။