ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု စတုတ္ထ ပွဲစဉ်မှာ ကိုပင်ဟေဂင်ကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ် ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဘိုင်ယန်မြူးနစ် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေရာ အုပ်စု ပထမအကျော့ ၃ပွဲမှာ ၁ပွဲနိုင် ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရခဲ့သလို အုပ်စု ဒုတိယအကျော့ ပြန်စချိန်မှာလည်း ကိုပင်ဟေဂင်ကို အရေးနိမ့်ခဲ့ပြန်ပါတယ်။

ကိုပင်ဟေဂင်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး လူအင်အား တောင့်တင်းတဲ့ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က ပွဲစတာနဲ့ ကိုပင်ဟေဂင်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့သလို ပွဲချိန် ၃မိနစ်နဲ့ ၂၈မိနစ်တွေမှာ ဟွိုက်လန်းက ယူနိုက်တက် အတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Football 365

၀-၂ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်ကသာ ပွဲကို ဆက်လက် စိုးမိုးထားနိုင်ပေမယ့် ပွဲချိန် ၄၂မိနစ်မှာတော့ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ဘောလုံးကို လှည့်ထွက်ဖို့ ကြိုးစားရင်း ကိုပင်ဟေဂင် ဘယ်နောက်ခံလူ ဂျယ်လက်ရဲ့ ခြေထောက်ကို မတော်တဆ နင်းမိရာ ကနေ တိုက်ရိုက် အနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

တယောက်လျော့သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က ပွဲကို ထိန်းချုပ် ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၄၅မိနစ်မှာ ကိုပင်ဟေဂင် တောင်ပံတိုက်စစ် ကစားသမား အယ်ယွန်နော့ဆီက အိမ်ရှင်တွေ အတွက် ပထမချေပဂိုးကို သွင်းယူပေးခဲ့သလို ပွဲချိန် ၄၅+၉မိနစ်မှာလည်း မက်ဂွိုင်းယားရဲ့ လက်ထိဘောကြောင့် ရလာတဲ့ ပင်နယ်တီကို ကိုပင်ဟေဂင် ကွင်းလယ်လူ ဂွန်ကာလက်ဗ်က အကောင်းဆုံး ကန်သွင်းကာ အိမ်ရှင်အတွက် ဒုတိယမြောက် ချေပဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၆၉မိနစ်မှာ မက်ဂွိုင်းယားကြောင့်ပဲ ယူနိုက်တက်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါပင်နယ်တီကို ဖာနန်ဒက်စ်က အမှားအယွင်း မရှိ ကန်သွင်းပေးခဲ့တာကြောင့် ယူနိုက်တက်တို့ ပွဲကို ဦးဆောင်ခွင့် ထပ်မံ ရရှိခဲ့ပေမယ့် ကိုပင်ဟေဂင် ကွင်းလယ်လူ လီရာဂျာနဲ့ လူစားဝင် တိုက်စစ်မှူး ဘာဒက်ဂျီတို့က ပွဲချိန် ၈၃မိနစ်နဲ့ ၈၇မိနစ်တွေမှာ ကိုပင်ဟေဂင် အတွက် နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် ယူနိုက်တက်တို့ ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာပါ။

Photo Credit: Euro Sports

အဝေးကွင်းမှာ ကိုပင်ဟေဂင်ကို ရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းက အကောင်းဆုံးပုံစံ တခုမှာ ရှိခဲ့ပြီး ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ကတော့ ရက်ဖို့ဒ်ရဲ့ အနီကတ်ဟာ မဖြစ်သင့်သလို ကိုပင်ဟေဂင်ရဲ့ ပထမချေပဂိုးမှာလည်း ကိုပင်ဟေဂင် ကစားသမား တယောက်က ဂိုးသမား အိုနာနာရဲ့ မြင်ကွင်းကို ကွယ်နေခဲ့တာကြောင့် အဆိုပါဂိုးကို လူကျွံဘော အဖြစ် သတ်မှတ်ခဲ့သင့်ကြောင်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ရက်ဖို့ဒ်ရဲ့ အနီကတ် ပြစ်ဒဏ်ဟာ အတော်လေး ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ပါ။ ကွင်းလယ်ဒိုင်ကတောင် သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး မတင်မကျ ဖြစ်နေတာပါ။ ပထမပိုင်းမှာ ပေးလိုက်ရတဲ့ ဂိုး ၂ဂိုးကလည်း မပေးသင့်တဲ့ ဂိုးတွေပါ။ ပထမဂိုးမှာ အိုနာနာရဲ့ မြင်ကွင်းကို ကွယ်နေတဲ့ လူကျွံ ကစားသမား တယောက် ရှိနေသလို ဒုတိယဂိုးမှာလည်း မက်ဂွိုင်းယားက အဲ့ဒီ ဘောလုံးကို ဘယ်လိုရှောင်လို့ ရမှာလဲဗျာ။ ကျွန်တော်တို့က ဒိုင်တွေရဲ့ ဘက်လိုက်မှုတွေကို ကြုံနေရတာ အတော်လေး ကြာနေပါပြီ။ ဒီနေ့မှ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့အသင်း နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေနဲ့ တောက်လျှောက် ကြုံတွေ့ခဲ့ရတာပါ။ တနေ့နေ့တော့ ကျွန်တော်တို့အသင်း ဦးစားပေးခံရမယ့် အချိန်ကို ရောက်လာဦးမယ်လို့ ထင်ပါတယ်။ ဒီရာသီက အရှည်ကြီး ကျန်ပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။