ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ လာလီဂါရဲ့ အဆင့်(၁) ဘာစီလိုနာကို အနောက်ကနေ လိုက်ကစားပြီး ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဟာ နိုင်ကို နိုင်ရမယ် ဆိုတဲ့ ယုံကြည်မှုကြောင့် ဖြစ်ကြောင်း ပွဲပြီးဆုံးချိန်မှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့က ၃၂သင်းအဆင့် ပထမအကျော့ပွဲ အဖြစ် ဘာစီလိုနာရဲ့ အိမ်ကွင်း နူးကမ့်မှာ ကစားခဲ့စဉ်က ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့ပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲမှာ အနိုင်ရတဲ့ အသင်းဟာ နောက်တဆင့်ဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့က အနိုင်ရလဒ် အတွက် ဦးတည်ကာ ကြိုးစား ကစားခဲ့ကြပြီး ပထမပိုင်းမှာတော့ ဧည့်သည် ဘာစီလိုနာက အိမ်ရှင် ယူနိုက်တက်တို့ထက် ခြေစွမ်းပိုင်း ပိုကောင်းခဲ့သလို ပွဲချိန် ၁၈မိနစ်မှာပဲ လီဝန်ဒေါစကီးက ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဖွင့်ဂိုး ရခဲ့ပြီးနောက် ဘာစီလိုနာက ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း အရောက်မှာ မန်ချက်စတာ ယူနိုက်တက်က နည်းပြချုပ် တန်ဟက်ဂ်ရဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေ ၊ မှန်ကန်တဲ့ နည်းစနစ်ပြောင်းလဲမှုတွေနဲ့ အတူ အကောင်းဆုံး ကစားဟန် တခုကို ပြန်ရလာကာ ဖရက်ဒ်နဲ့ အန်တိုနီတို့က မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘာစီလိုနာ ပွဲအပြီးမှာတော့ အဲရစ် တန်ဟက်ဂ်က သူတို့အသင်း အခုလို အရှုံးကနေ ပြန်နိုင်ခဲ့တာဟာ ယုံကြည်မှုကြောင့် ဖြစ်ပြီး နိုင်ကို နိုင်ရမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ ကစားသမားတွေရဲ့ ကြိုးပမ်း အားထုတ်မှု ပေါင်းစပ်လိုက်ချိန်မှာ အခုလို အဖိုးတန် နိုင်ပွဲ တပွဲကို ရခဲ့တာပါလို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်ကတော့ ဒီပွဲကို ပြောင်းလဲပေးခဲ့တာဟာ ‘ယုံကြည်မှု’ပဲလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က ပထမပိုင်းမှာ အတော်လေးကို အားနည်းခဲ့ပါတယ်။ ကျွန်တော်တို့က ကွင်းလယ်ပိုင်းမှာ ကတ်စ်မဲရိုးကို ကစားကွက်ထဲ ပါဝင်ခွင့် ရအောင် မလုပ်ပေးနိုင်ခဲ့သလို ဘစ္စကာရဲ့ ညာခြမ်းမှာ ရှိနေတဲ့ နေရာလွတ်တွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ပြီးတော့ ဖိအားပေးတဲ့ အပိုင်းမှာလည်း သတ္တိရှိရှိနဲ့ ဖိအားပေးဖို့ လိုခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က အဲ့ဒါတွေကို ပြင်ဆင်ဖို့ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့က နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိသလို မြန်လည်း မြန်တဲ့ အန်တိုနီကို ကွင်းထဲ ထည့်ပြီး ကစားသမားတွေ အားလုံးဆီမှာ ယုံကြည်မှုတွေ ပြန်တက်လာအောင် လုပ်ခဲ့ပါတယ်။ အသင်းရဲ့ လူစာရင်းထဲမှာ မတူညီတဲ့ အရည်အသွေးတွေ ရှိတဲ့ ကစားသမားတွေ ၊ မတူညီတဲ့ စိတ်ထားတွေ ရှိတဲ့ ကစားသမားမျိုးတွေ အားလုံး လိုအပ်ပါတယ်။ အသင်းတသင်းက အောင်မြင်ချင်ရင် ကစားသမား ၁၁ယောက်ထဲကိုပဲ သုံးနေလို့ မရပါဘူး။ ဒီနေ့ခေတ်လို အပြိုင်အဆိုင် များတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့က ကစားသမားတွေကို အလှည့်ကျစနစ်နဲ့ သုံးဖို့လည်း လိုပါတယ်။ ကျွန်တော်တို့က ဘာစီလိုနာလို လာလီဂါရဲ့ အဆင့်(၁)နေရာမှာ ရှိနေတဲ့ အသင်းကို အနိုင်ရခဲ့လို့ ခြေစွမ်းပိုင်းအရ နောက်တဆင့်ဆီ တက်နိုင်ခဲ့ပြီလို့ ပြောလို့ ရပါတယ်။ အသင်းတိုင်းကို အနိုင်ယူနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်က အတော်လေးကို ကောင်းပါတယ်။ အဲ့ဒီ ယုံကြည်ချက်ကြောင့်ပဲ ဒီလိုနိုင်ပွဲတွေ ရယူနိုင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။