ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အသင်းဆီ ပြောင်းရွှေ့လာခဲ့ပေမယ့် ခြေစွမ်းတွေ ပျောက်ဆုံးနေတာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို အပြည့်အဝ ယုံကြည်နေဆဲပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ၂၀၂၂ခုနှစ် နွေဈေးကွက်မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၉၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်က သူ့ကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Vanguard News

အန်တိုနီက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခါစမှာ အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ဆက်တိုက် ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲဆက်များလာမှုနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ယခုနှစ် ဘောလုံးရာသီ အစမှာလည်း လူမှုရေးပြဿနာတွေ ကြုံခဲ့ရပါသေးတယ်။

အန်တိုနီက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်ထဲသာ ရရှိထားပြီး တန်ဟက်ဂ်ကလည်း ခြေစွမ်းကျနေတဲ့ အန်တိုနီကို ၅ပွဲဆက်တိုက် အရန်ခုံမှာ ထိုင်ခိုင်းထားပါတယ်။

Photo Credit: Tribuna

ဒါပေမယ့် အဓိကတိုက်စစ်မှူး ဟွိုက်လန်း ဒဏ်ရာရသွားတာကြောင့် တန်ဟက်ဂ်က သူ့ရဲ့တပည့်ကျော် အန်တိုနီကို ပြန်လည် ထုတ်သုံးရဖို့ ရှိနေပြီး တန်ဟက်ဂ်ကတော့ သူဟာ အန်တိုနီရဲ့ ခြေစွမ်းခြေစကို ကောင်းကောင်းကြီး သိတာကြောင့် သူ့တပည့်အပေါ် အပြည့်အဝ ယုံကြည်နေဆဲပဲလို့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် နော်တင်ဟမ် ဖောရက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မတိုင်မီ လုပ်ခဲ့တဲ ပွဲကြို အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “အန်တိုနီက ပွဲထွက်ခွင့် ရဖို့ ပြန်လည် တိုက်ပွဲဝင်ပါလိမ့်မယ်။ ကျွန်တော်ကလည်း သူ့ကို ယုံကြည်နေဆဲပါပဲ။ အရင်တုန်းက အန်တိုနီဟာ တားဆီးလို့ မရတဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်ခဲ့တာပါ။ သူက ၁၀ကိုက်စည်းထဲမှာ ဆိုရင် အရမ်းကို မြန်လွန်းလို့ ဘယ်နောက်ခံလူကမှ သူ့ကို မတားဆီးနိုင်ခဲ့ပါဘူး။ အခုတော့ အန်တိုနီက သူ့အတွက် ရောက်လာမယ့် အခွင့်အရေးကို စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။ ပြီးတော့ အခွင့်အရေး ရလာရင်လည်း အကောင်းဆုံး အသုံးချဖို့ ကြိုးစားရပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။