ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ည အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၀ အဲဗာတန် ပွဲစဉ်အပြီးမှာပဲ သူတို့အသင်းကို ၆ရက်ကျော် အတွင်း ၃ပွဲ အထိ ကစားခိုင်းခဲ့တဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ကို စိတ်ဆိုးမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) အဖြစ် အဲဗာတန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ တော်မီနေးနဲ့ မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အနိုင် ၃မှတ်ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက် ၂-၀ အဲဗာတန် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က အဲဗာတန်ကို လူစာရင်းအသာ ၊ ကစားကွက်အသာနဲ့ ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ရဲ့ အံ့မခန်း ကာကွယ်မှုတွေကြောင့်သာ မဟုတ်ရင် မန်ချက်စတာ ယူနိုက်တက်ဟာ ဂိုးပြတ်နိုင်ပွဲ တပွဲကို ရရှိခဲ့မှာပါ။

အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကျေနပ်စရာကောင်းတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပေမယ့် အဓိက တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ် တယောက် ပွဲပြီးဆုံးခါနီးမှာ ဒဏ်ရာရသွားတာဟာ ဆိုးရွားတဲ့ အချက်တခု ဖြစ်ခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက် ၂-၀ အဲဗာတန် ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းကို ၆ရက်ကျော် ကာလအတွင်း လိဂ်ပွဲ ၃ပွဲ အထိ ကစားခိုင်းခဲ့တဲ့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ကို ဒေါသထွက်နေပြီး ၆ရက်ကျော် အတွင်း ၃ပွဲ အထိ ကစားခဲ့ရတာကြောင့် ရက်ဖို့ဒ်ဟာ ဒဏ်ရာရသွားတာလို့လည်း ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ဘောလုံးလောကမှာ ဒဏ်ရာရတာဟာ ရှောင်လွှဲလို့ မရတဲ့ အရာတခုပါ။ ဒါပေမယ့် ရက်ဖို့ဒ်လိုမျိုး ဒဏ်ရာတွေကတော့ မဖြစ်အောင် ကာကွယ်လို့ ရပါတယ်။ ဘာကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ကျွန်တော်တို့ကို ရှေ့တပတ်မှာ တနင်္ဂနွေနေ့ ညနက်ပွဲ ကစားခိုင်းခဲ့တာတောင် ဒီတပတ်မှာ စနေနေ့ အစောပွဲကို ကစားခိုင်းရတာလဲ။ သူတို့ရဲ့ ပွဲစီစဉ်မှုတွေက မမှန်ကန်ပါဘူး။ ၆ရက် အတွင်းမှာ ၃ပွဲ အထိ ကစားခဲ့ရရင်တော့ ဒီလိုမျိုး ဒဏ်ရာပြဿနာတွေ ကြုံတွေ့ရမှာပါပဲ။ အခုတော့ ကျွန်တော်တို့က ရက်ဖို့ဒ်ရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ပဲ ဆုတောင်းရပါတော့မယ်” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။