မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဟောင်းဖြစ်သူ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဟောင်း ဂရေဟမ် ပေါ်တာတို့ နှစ်ဦးလုံးဟာ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်း နည်းပြရာထူးအတွက် အပြိုင်အဆိုင် ရေပန်းစားလျက် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိနေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင်လည်း league phase (၅)ပွဲကစား (၅)ပွဲလုံး ရာနှုန်းပြည့် ရှုံးနိမ့်ထားရတဲ့ အခြေအနေတွေ ဆိုးနေရတာကြောင့် အသင်းနည်းပြ မားကို့ ရိုဆယ်ရဲ့ အနာဂတ်က အတော်လေး လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

လိုက်ပ်ဇစ်အနေနဲ့ကလည်း အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဘောလုံးနည်းပြတွေကို ချိန်ရွယ်လာခဲ့ပြီး လတ်တလောမှာတော့ ယူနိုက်တက်နဲ့ ပူပူနွေးနွေး လက်တွဲဖြုတ်ထားတဲ့ တန်ဟက်ဂ်အပြင် ချယ်လ်ဆီးကနေ အထုတ်ခံရပြီးကတည်းက အသင်းသစ် မတွေ့သေးတဲ့ ပေါ်တာတို့က လိုက်ပ်ဇစ်နဲ့ သတင်းထွက်လာပါတော့တယ်။

တန်ဟက်ဂ်က သိပ်မကြာသေးခင်ကလည်း နည်းပြလစ်လပ်သွားတဲ့ ရိုးမားအသင်းနဲ့ သတင်းတွေ ထွက်ခဲ့သေးပေမယ့် ရိုးမားက ဝါရင့် နည်းပြကြီး ရာနီရေးနီကသာ ခန့်အပ်သွားခဲ့ပါတယ်။ တန်ဟက်ဂ်ကတော့ လက်ရှိ နယ်သာလန်မှာ ရှိနေပြီး သူ့အသင်းဟောင်း အေဂျက်စ်ရဲ့ ပွဲစဉ်တချို့ကို လိုက်လံ အားပေးနေပါတယ်။

Photo Credit : beIN SPORTS

တန်ဟက်ဂ်နည်းတူ လိုက်ပ်ဇစ်နဲ့ သတင်းထွက်နေတဲ့ ဂရေဟမ် ပေါ်တာကလည်း ချယ်လ်ဆီးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ၂၀၂၃ ဧပြီကတည်းက အသင်းပေါင်းစုံနဲ့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပြီး တန်ဟက်ဂ်ရဲ့ အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ပါ သတင်းထွက်ဖူးသူလည်း ဖြစ်ပါတယ်။

ပေါ်တာက ချယ်လ်ဆီးမှာ အဆင်မပြေခဲ့ပေမယ့် ဘရိုက်တန်အသင်းကိုတော့ အကောင်းဆုံးပုံစံဖြစ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီး အင်္ဂလန်နည်းပြ ရာထူးအတွက်ပါ ရေပန်းစားခဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့ ပေါ်တာက လိုက်ပ်ဇစ်အသင်း နည်းပြရာထူးအတွက် သတင်းတွေ ထွက်ပေါ်နေခဲ့ပြန်ပြီး ဒီတစ်ကြိမ်မှာတော့ ပေါ်တာအတွက် အသင်းသစ် ရရှိသွားမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။