ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ဒီရာသီ အဓိက ပစ်မှတ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု မဟုတ်ပဲ ချန်ပီယံလိဂ်ဝင်ခွင့်သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်က ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို ပုံစံကောင်း တခု ရအောင် ဦးဆောင်ပေးထားပြီး သူ့ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရလဒ်ပိုင်းက သိသိသာသာ တိုးတက်လာခဲ့သလို ကစားပုံပိုင်းမှာလည်း တိကျတဲ့ ကစားဟန် တခု ရှိလာခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အပြီးမှာ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာကို သိမ်းပိုက်ထားနိုင်သလို ဇယားထိပ်မှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၅မှတ်သာ ကွာဟနေပါတယ်။

အဆင့်၁နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၅မှတ်သာ ကွာဟနေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက မန်ချက်စတာ ယူနိုက်တက်ကို မန်ချက်စတာ စီးတီး ၊ အာဆင်နယ်တို့နဲ့ အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လုမယ့် အသင်း အဖြစ် သတ်မှတ်ထားကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ ချန်ပီယံဆုကို ခေါင်းထဲ ထည့်ထားနိုင်တဲ့ နေရာမျိုးမှာ မရှိပဲ သူတို့အတွက် အရေးအကြီးဆုံးက ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့သာ ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာရော ၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ အားထည့်ကာ ကစားသွားမယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က အဲ့ဒီလောက်အထိ (ချန်ပီယံဆုကို ရည်ရွယ်လျက်) အဝေးကြီး မတွေးထားပါဘူး။ ကျွန်တော်တို့ အခု လုပ်ဆောင်နေတာက ဧပြီလမှာ အဆင့်ကောင်းကောင်းနဲ့ ရပ်တည်နိုင်ဖို့ အတွက်ပါပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ လိုချင်တဲ့နေရာကို ရနိုင်တဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လမ်းကြောင်း ၂ခုကို ပိုင်ဆိုင်ထားပါတယ်။ ပထမတခုက ယူရိုပါလိဂ်ပြိုင်ပွဲပါ။ နောက်တခုက ပရီးမီးယားလိဂ်ပြိုင်ပွဲပါ။ ကျွန်တော်တို့က ကိုယ် ဘာတွေ လုပ်ရမလဲ ဆိုတာကို တပွဲချင်းစီ တွေးသွားရပါမယ်။ ကျွန်တော်တို့က ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်သွားခွင့် ရဖို့ တိုက်ပွဲဝင်ရပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။