ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ အီလန်ဂါကို နာမည်ကြီး ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ထံ ရာသီဝက်အငှားနဲ့ စေလွှတ်ဖို့ ခေါင်းညိတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆွီဒင်လက်ရွေးစင် အီလန်ဂါက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး အီလန်ဂါက ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်ကာ သူဟာ ဆွီဒင်အတွက် ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit: Sky Sports

အီလန်ဂါက အရည်အသွေး ပြည့်ဝတဲ့ တောင်ပံ ကစားသမား တဦး ဖြစ်သလို လျင်မြန်မှုလည်း ရှိကာ တဦးချင်း ဖြတ်ကျော်မှုတွေလည်း လုပ်ဆောင်နိုင်ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ ရက်ဖို့ဒ် ၊ အန်တိုနီ ၊ ဆန်ချို ၊ ဂါနာချိုတို့လို အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမားတွေ ရှိနေတာကြောင့် အီလန်ဂါဟာ ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ ဒေါ့မွန်အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ် တချို့က အီလန်ဂါကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ ပြုလုပ်ထားကြပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ရက်ဖို့ဒ် ၊ အန်တိုနီ ၊ ဆန်ချို ၊ ဂါနာချိုနဲ့ ပယ်လစ္စထရီတို့လို တောင်ပံ ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် အီလန်ဂါကို ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်း တသင်းဆီ အငှားချဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အော့ဒန်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်က ယနေ့မှာပဲ အီလန်ဂါကို အငှားချဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ဆီ မီးစိမ်းပြလိုက်ပြီး မန်ချက်စတာ ယူနိုက်တက်က အီလန်ဂါကို ဒေါ့မွန်ဆီ အငှားချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အီလန်ဂါက မန်ချက်စတာ ယူနိုက်တက် အတွက် စုစုပေါင်း ၄၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။