ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ငွေပိုငွေလျှံ မရှိတာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်တော့မှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြုသွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ကစားသမား အင်အား မလုံလောက်မှုကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ အသင်း ဖြစ်ပြီး ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ အန်သိုနီ မာရှယ် ၊ ဟွိုက်လန်း စတဲ့ တိုက်စစ်မှူး ၂ဦးထဲသာ ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Team Talk

တိုက်စစ်ပိုင်းမှာ ဟွိုက်လန်းနဲ့ မာရှယ် ၂ဦးထဲသာ ရှိနေချိန်မှာ မာရှယ်က ပေါင်ခြံဒဏ်ရာကို ခွဲစိတ်မှု လုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ရာသီကုန် အထိ အနားယူရမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်း တဦးထဲနဲ့ လက်ကျန် ရာသီဝက်ကို ဖြတ်သန်းရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ သူ့အတွက် တိုက်စစ်မှူးသစ် ၁ဦး ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေဆီ တောင်းဆိုခဲ့ပေမယ့် FFP စည်းမျဉ်းကြောင့် မန်ချက်စတာ ယူနိုက်တက်မှာ ငွေပိုငွေလျှံ နည်းပါးနေပြီး ယူနိုက်တက်ဟာ ဈေးကွက်ထဲမှာ ရှိနေတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူးတွေ အတွက် ပြောင်းရွှေ့ကြေးတွေ ၊ လုပ်ခလစာတွေ ပေးချေနိုင်ဖို့ ခက်ခဲနေပါတယ်။

Photo Credit: Sky Sports

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က သူဟာ အသင်းရဲ့ ဘတ်ဂျက်နဲ့ ခေါ်ယူလို့ ရမယ့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ယခု ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်တော့မှာ မဟုတ်ဘူးလို့ အသင်းရဲ့ ပရိသတ်တွေကို သတင်းဆိုး ပြောပြသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်က တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် FFP စည်းမျဉ်းအရ ကျွန်တော်တို့က လိုချင်တဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ ရက်ဖို့ဒ်ကတော့ တိုက်စစ်မှူး အဖြစ် ကစားနိုင်ပါတယ်။ ကျွန်တော်တို့မှာ တိုက်စစ်မှူး အဖြစ် ကစားနိုင်တဲ့ အခြား ကစားသမားတွေလည်း ရှိပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။