မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ လေဗာကူဆင်အသင်းက သူ့ကို လိဂ်ပွဲစဉ် (၂)ပွဲအပြီးမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့အပေါ် “လုံးဝကို အံ့အားသင့်မိကြောင်း” ဖွင့်ဟပြောကြားလိုက်ပြီး အသင်းဘုတ်အဖွဲ့ကို ဒေါသတကြီး ကြေညာချက်ထုတ်ပြန်ကာ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

ဒီထုတ်ပယ်မှုဟာ ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်မှာ နည်းပြတစ်ဦးကို အမြန်ဆုံးထုတ်ပယ်ခဲ့တဲ့ စံချိန်သစ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။၂၀၂၄ ခုနှစ် အောက်တိုဘာလက မန်ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဒတ်ချ်လူမျိုးနည်းပြဟာ ဇူလိုင်လ (၁)ရက်နေ့ကမှ လေဗာကူဆင်အသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းကိုင်တွယ်ပြီး ဂျာမန်ဖလားပွဲတစ်ပွဲအနိုင် လိဂ်ပွဲစဉ်တစ်ပွဲရှုံး တစ်ပွဲသရေကျပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့မှာပဲ သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းခြင်းခံခဲ့ရတာပါ။

Photo Credit : Evening Standard

စိတ်ဝင်စားစရာကောင်းတာက တန်ဟက်ဟာ တစ်ပတ်အတွင်း အလုပ်ထုတ်ခံရတဲ့ တတိယမြောက် မန်ယူနည်းပြဟောင်းလည်း ဖြစ်လာခဲ့ပါတယ်။ သူ့မတိုင်ခင်မှာ အိုလီ ဂန်နာ ဆိုးလ်ရှားက ဘက်ဆစ်တပ်စ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး ဂျိုဆေး မော်ရင်ဟိုကလည်း ဖီနာဘာချီနဲ့ လမ်းခွဲခဲ့ပါတယ်။

သူ့ရဲ့ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်ပြီး တန်ဟက်က “ဒီမနက် လေဗာကူဆင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က ကျွန်တော့်အတွက် လုံးဝကို အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ လိဂ်ပွဲစဉ် နှစ်ပွဲအပြီးမှာ နည်းပြတစ်ယောက်နဲ့ လမ်းခွဲတယ်ဆိုတာ သမိုင်းတစ်ခါမှမဖြစ်ဖူးတဲ့ ကိစ္စပါပဲ။ ဒီနွေရာသီမှာ အသင်းရဲ့ အဓိကကစားသမားကောင်းတွေ အများကြီး ထွက်ခွာသွားခဲ့ပါတယ်။ စည်းလုံးညီညွတ်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ရတာက အချိန်နဲ့ ယုံကြည်မှုလိုအပ်တဲ့ သိမ်မွေ့တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ နည်းပြသစ်တစ်ယောက်ဟာ သူ့ရဲ့အမြင်ကို အကောင်အထည်ဖော်ဖို့ စံနှုန်းတွေသတ်မှတ်ဖို့ လူစာရင်းကို ပုံဖော်ဖို့နဲ့ ကစားဟန်အပေါ် သူ့ရဲ့လက်ရာကို ထားခဲ့ဖို့ အချိန်လိုအပ်ပါတယ်။”

Photo Credit : Goal

“ကျွန်တော် ဒီအလုပ်ကို ယုံကြည်မှုအပြည့် စွမ်းအင်အပြည့်နဲ့ စတင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အုပ်ချုပ်ရေးအဖွဲ့က ကျွန်တော်လိုအပ်တဲ့ အချိန်နဲ့ ယုံကြည်မှုကို ပေးဖို့ဆန္ဒမရှိခဲ့ပါဘူး။ ဒီဆက်ဆံရေးဟာ ဘယ်တုန်းကမှ အပြန်အလှန် ယုံကြည်မှုအပေါ်မှာ အခြေမခံခဲ့ဘူးလို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော့်ရဲ့ နည်းပြဘဝတစ်လျှောက်လုံးမှာ ကျွန်တော်ရာသီကုန်အထိ ကိုင်တွယ်ခွင့်ရခဲ့တဲ့ ကလပ်တိုင်းက အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့တဲ့ ကလပ်တွေက အောင်မြင်မှုနဲ့ ဆုဖလားတွေနဲ့ ပြန်လည်အောင်ပွဲခံခဲ့ရပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

လေဗာကူဆင်အသင်းရဲ့ မန်နေးဂျင်းဒါရိုက်တာ ဆိုင်မွန် ရိုးလ်ဖက်စ်ကတော့ “ဘယ်သူမှ ဒီလိုခြေလှမ်းမျိုးကို မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံနဲ့ အောင်မြင်တဲ့အသင်းတစ်သင်းကို တည်ဆောက်ဖို့ လက်တွေ့မဖြစ်နိုင်ဘူးဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်တွေက သက်သေပြခဲ့ပါတယ်။” လို့ တုံ့ပြန်ခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ဇာဗီ အလွန်ဆိုနေရာကို အစားထိုးခဲ့တဲ့ တန်ဟက်နေရာမှာ နောက်ထပ်နည်းပြသစ်တစ်ဦးကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။