စနေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၂ စပါး ပွဲစဉ်မှာ ဆုံးဖြတ်ချက် အမှားပေါင်း များစွာကို ဆုံးဖြတ်ခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ ကွင်းလယ်ဒိုင် အန်တိုနီ တေလာဟာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေရဲ့ ပြစ်ဒဏ်ပေးမှုကို မခံရတာကြောင့် ချယ်လ်ဆီးရဲ့ ပွဲစဉ်တွေကို ထပ်မံ ကိုင်တွယ်ခွင့် ရတော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

နာမည်ကြီး အင်္ဂလန် ကွင်းလယ်ဒိုင် အန်တိုနီ တေလာက ပြီးခဲ့တဲ့ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ စပါးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ကိုင်တွယ်ခဲ့ရာမှာ ချယ်လ်ဆီးအား နစ်နာစေမယ့် ဆုံးဖြတ်ချက် အမှားပေါင်း များစွာကို ချမှတ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့်ပဲ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အန်တိုနီ တေလာကို ပွဲပြီးအင်တာဗျူးမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Photo Credit: Sports Dias

အဆိုပါ ဝေဖန်မှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက တူဟယ်လ်ကို အပြစ်ပေးဖို့ စွဲချက်တင်ခဲ့ပေမယ့် ဘောလုံးရေးရာ အသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ အန်တိုနီ တေလာကိုတော့ ပြစ်ဒဏ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ချယ်လ်ဆီးပရိသတ် တသောင်းကျော်က လန်ဒန်ဒါဘီပွဲစဉ် အပြီးမှာပဲ အန်တိုနီ တေလာကို နောက်ထပ်တကြိမ် ချယ်လ်ဆီးရဲ့ ပွဲတွေအား ကိုင်တွယ်ခွင့် မပေးဖို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေထံ လက်မှတ်ရေးထိုး ပေးပို့ခဲ့ပေမယ့် အက်ဖ်အေကတော့ ပရိသတ်တွေရဲ့ ဆန္ဒကို လိုက်လျောဖို့ ငြင်းဆန်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

Photo Credit: Sports Dias

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို စီစဉ် ကျင်းပပေးနေတဲ့ PGMOL အဖွဲ့အစည်းက ဝေဖန်မှုတွေ ခံနေရတဲ့ အန်တိုနီ တေလာကို လတ်တလောမှာ ချယ်လ်ဆီးပွဲတွေအား မကိုင်တွယ်ခိုင်းဖို့ စဉ်းစားနေပေမယ့် အန်တိုနီ တေလာကို ချယ်လ်ဆီးပွဲတွေအား ရာသက်ပန် မကိုင်တွယ်ခိုင်းဖို့ ဆန္ဒမရှိတာကြောင့် အန်တိုနီ တေလာဟာ ရာသီဝက်ကာလမှ စတင်ကာ ချယ်လ်ဆီးပွဲတွေကို ပြန်လည် ကိုင်တွယ်ခွင့် ရလာနိုင်ကြောင်း သိရပါတယ်။