ဒီနှစ် နွေဈေးကွက်ကမှ ပေါ်တိုအသင်းကနေ အင်တာမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ အီရန် ဝါရင့် တိုက်စစ်မှူး တာရေမီဟာ မနေ့က အင်တာမီလန်နဲ့ လူဂါနိုအသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်း ခြေစွမ်းကောင်းတွေ ပြသသွားနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ဟာ တာရေမီရဲ့ အင်တာ ကစားသမားဘဝ ပထမဆုံးသော ပွဲဦးထွက်ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပြီး အသင်းနဲ့လည်း အံ့ဝင်ခွင်ကျဖြစ်အောင် ကစားပြနိုင်ခဲ့ပါတယ်။ တာရေမီဟာ သူရဲ့ ပွဲဦးထွက်မှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရင်းနဲ့ အင်တာအတွက် (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : The New Arab

ဒီကနေ့မှာပဲ အသက် (၃၂)နှစ် ပြည့်မြောက်သွားခဲ့တဲ့ အီရန် လက်ရွေးစင် တိုက်စစ်မှူး တာရေမီဟာ အရည်အသွေးမြင့်မားတဲ့ အာရှ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ၂၀၁၉ကတည်းက ပေါ်တူဂီကလပ် ရီယို အာဗီအသင်းဆီ ရောက်ရှိခဲ့ကာ တစ်နှစ်အကြာမှာပဲ ပေါ်တိုအသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။

တာရေမီက ပေါ်တိုအသင်းမှာတော့ (၄)ရာသီကြာ ပါဝင်ကစားခဲ့ပြီး (၄)ရာသီအတွင်း ပေါ်တိုအတွက် ပြိုင်ပွဲစုံ (၁၈၂)ပွဲ ကစားပေးခဲ့ရင်း (၉၁)ဂိုးအထိပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အီရန်လက်ရွေးစင်အသင်းအတွက်ကိုလည်း ပွဲပေါင်း (၈၅)ပွဲကစားထားခဲ့ပြီး သွင်းဂိုး စုစုပေါင်း ဂိုး(၅၀) သွင်းယူခဲ့ပါသေးတယ်။ တာရေမီဟာ ပေါ်တိုအတွက်ရော အီရန်အတွက်ပါ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။

Photo Credit : TV1

ဒီလို အရည်အသွေးကောင်းတွေနဲ့ ပြည့်ဝနေတဲ့ တာရေမီဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့်လည်း အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပဲ ဒီနွေမှသာ အင်တာအသင်းက တာရေမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အသင်းရဲ့ ကစားသမားအင်အားကို ပိုမို တောင့်တင်းသွားအောင် ဖြည့်တင်းလိုက်နိုင်ခဲ့ပါတယ်။

အင်တာကလည်း ဈေးကွက်တိုင်းလိုလိုမှာ free transfer နဲ့ အရည်အသွေးမြင့် ကစားသမားကောင်းတွေကို ဆက်တိုက် ခေါ်ယူတက်တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး မနှစ်ကဆိုရင်လည်း မိုချန်ဂလာဘတ်က တိုက်စစ်မှူး မားကပ်စ် သူရမ်ကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့သလို ဒီနွေမှာလည်း တာရေမီအပြင် နာပိုလီရဲ့ ပိုလန် ကွင်းလယ်လူ ဇီလင်စကီးကိုပါ အလွတ်နဲ့ပဲ ခေါ်ယူထားနိုင်ခဲ့ပါသေးတယ်။