ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းကနေ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာအတွက် ပေါ်တို တိုက်စစ်မှူး တာရဲမီကို ခေါ်ယူရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားသူ ဖြစ်ပြီး စပါးက ဟယ်ရီကိန်းကို လာမယ့် နွေဈေးကွက်မှာ အလွတ်နဲ့ လက်မလွှတ်ရစေရေး အတွက် ယခု နွေဈေးကွက် အတွင်းမှာတင် ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းအတွက် ပေါင် ၈၅သန်း ဝန်းကျင်တန် ကမ်းလှမ်းမှု တရပ် ပေးပို့ထားပါတယ်။

Photo Credit: SPORT

စပါးဥက္ကဌ လီဗိုင်းနဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းအတွက် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ရာခိုင်နှုန်း များနေတာကြောင့် စပါးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ဟယ်ရီကိန်းရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေပြီး ပေါ်တိုတိုက်စစ်မှူး တာရဲမီဟာ စပါးရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲ ပါဝင်နေပါတယ်။

အသက် ၃၁နှစ် အရွယ် အီရန်လက်ရွေးစင် တိုက်စစ်မှူး တာရဲမီက ဟယ်ရီကိန်းလိုပဲ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားနိုင်စွမ်း မြင့်မားသလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်တဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး ဖြစ်ပြီး တာရဲမီက ပေါ်တိုအတွက် ပြိုင်ပွဲစုံမှာ ၁၄၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄၉ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ စပါးက တာရဲမီကို ခေါ်ယူဖို့ အတွက် ပေါ်တိုနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး တာရဲမီက စပါးဆီ ပြောင်းဖို့ စိတ်အားထက်သန်နေသလို ပေါ်တိုကလည်း တာရဲမီအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် ရမယ် ဆိုရင် တာရဲမီကို ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။