မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ လာမယ့်နွေမှာ အသင်းအတွက် ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ထပ်မံ ဖြည့်တင်းသွားနိုင်ဖို့ မျှော်လင့်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း တိုက်စစ်ပိုင်းအတွက် အန်တိုနီနဲ့ ဟွိုင်လန်းတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း လာမယ့် ဈေးကွက်ထဲမှာပဲ မာရှယ်က အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ နောက်ထပ် တိုက်စစ်မှူးတစ်ဦးခန့် ထပ်မံ ခေါ်ယူချင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Man Utd News

ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ Top 10 အသင်းတွေထဲမှာ သွင်းဂိုး (၄၅)ဂိုးနဲ့ ဂိုးသွင်းအနည်းဆုံး ဖြစ်နေရပြီး အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့ ဟွိုင်လန်း ဂါနာချိုတို့ဆိုရင်လည်း တစ်ဦး (၇)ဂိုးစီသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒီလို အခြေအနေမျိုးမှာ ဂိုးသွင်းအားကောင်းတဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူ ဖြည့်တင်းတာက အသင်းအတွက် အထောက်အပံ့ ဖြစ်လိမ့်မယ်လို့ နည်းပြ တန်ဟက်ဂ်က ပြောဆိုခဲ့သလို ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက်ဆိုရင်လည်း အသင်းမှာ တိုက်စစ်မှူး (၂)ဦးခန့်လောက် ရှိနေရမယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

 

Photo Credit : The Sun

လတ်တလော ယူနိုက်တက်အသင်း စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူးတွေထဲမှာ အိုင်ဗန် တိုနေး ၊ ဘင်ဂျမင် ဆက်စ်ကို ၊ ဆန်တီယာဂို ယီမီနက်ဇ် ၊ ဂျိုရှုအာ ဇက်ခ်ဇီတို့ ပါဝင်လျက် ရှိနေပြီး ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်နဲ့ အံ့ဝင်ခွင်ကျ ဖြစ်ပြီးသား တိုနေးကိုသာ ပိုမို စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် ယူနိုက်တက်က နည်းစနစ် ဒါရိုက်တာအသစ် ခန့်အပ်သွားဖို့လည်း ရှိနေသေးတာကြောင့် တကယ်လို့ တန်ဟက်ဂ်လည်း အသင်းနည်းပြအဖြစ် ဆက်ရှိနေဦးမယ်ဆိုရင် ကစားသမားသစ် ခေါ်ယူမှုမှာတော့ အသင်းပိုင်ရှင် နည်းစနစ်ဒါရိုက်တာတို့နဲ့ပါ အသေအချာ ဆွေးနွေးတိုင်ပင်သွားရဖို့လည်း ရှိနိုင်ပါတယ်။