မနေ့က တူရကီမှာ ကစားသွားခဲ့တဲ့ ဂါလာတာစာရေး နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွင်း ယူနိုက်တက်က (2-0) (3-1) ဆိုတဲ့ ရလဒ်တွေနဲ့ ဦးဆောင်မှုတွေ လုပ်ထားခဲ့ပေမယ့်လည်း ဂိုးသမား အန်ဒရေ အိုနာနာရဲ့ အမှားအယွင်းကနေပဲ (၃)ဂိုးစီ သရေကျသွားခဲ့ရပါတယ်။

အသက် (၂၇)နှစ်အရွယ် ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာဟာ ဒီနွေမှ အင်တာမီလန်ကနေ မန်ယူနိုက်တက်အသင်းဆီ ပေါင် (၄၇.၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ အိုနာနာရဲ့ အခြေအနေတွေက ဒေးဗစ် ဒီဂီယာကိုတောင် အတော်လေး လွမ်းဆွတ် တမ်းတစေရတဲ့အထိ ဖြစ်နေရပါတယ်။

Photo Credit : The Mirror

ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျှောက် အုပ်စုပွဲ (၅)ပွဲ ကစားချိန် (၁၄)ဂိုးထိ ခွင့်ပြုထားရတဲ့ ပထမဆုံး အင်္ဂလန် ကလပ်အသင်းဆိုတဲ့ စံချိန်ဆိုးကြီးကို ရရှိစေခဲ့တဲ့ အဓိက တရားခံက အိုနာနာ ဖြစ်နေပေမယ့် အိုနာနာကိုတော့ သူရဲ့ ဆရာသမားဖြစ်သူ နည်းပြ အဲရစ် တန်ဟက်ဂ်က အခုချိန်ထိ ကာကွယ် ပြောဆိုနေပါတယ်။

ဂါလာတာစာရေးနဲ့ပွဲ အပါအဝင် ပွဲအများစုမှာ လက်စွမ်း မတည်ငြိမ်မှုတွေ အမှားတွေ ရှိခဲ့တဲ့ အိုနာနာနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “အန်ဒရေက အဆင်ပြေပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ အတိုင်းပဲ။ ဒါက တစ်ဦးချင်း အမှားကြောင့် မဟုတ်ပါဘူး။ ဘောလုံးမှာ တစ်ဦးချင်း အမှားတွေက ကွဲပြား ခြားနားမှုတွေကို ဖြစ်စေနိုင်သလို”

Photo Credit : Sky Sports

“တစ်ဦးချင်း အမှားတွေ ကျူးလွန်မိခဲ့တဲ့ ကစားသမားကလည်း သူရဲ့ အဲ့ဒီအမှားအတွက် တာဝန်ယူရပါမယ်။ ဒါပေမယ့် ဒါက အသင်းနဲ့ အမြဲတမ်း ပတ်သက်နေပါတယ်။ သက်ဆိုင်နေပါတယ်။” လို့ ပြောဆိုပြီး သူ့တပည့်ကျော်ကို ကာကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့် အိုနာနာက ဒီရာသီမှာ လက်စွမ်း မတည်ငြိမ်လွန်းနေတာကြောင့် တန်ဟက်ဂ်အနေနဲ့ လာမယ့် ပွဲစဉ်တွေအတွင်း အိုနာနာထက် ဖီနာဘာချီကနေ ခေါ်ယူထားတဲ့ တူရကီ ဂိုးသမား ဘယင်ဒါကို ပိုမို နေရာပေးဖို့ ယူနိုက်တက် အသင်းပရိသတ်တွေကို တောင်းဆိုနေကြပါတယ်။