အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်း ရှိနေပြီလို့ ကြွေးကြော် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ဟာ သာမန်ပွဲချိန်အတွင်း တစ်ဖက်ကို (၂)ဂိုးအထိ သွင်းယူရင်း အချိန်ပို ဆက်ကစားခဲ့ရာ လီဗာပူးလ်ကပဲ အချိန်မှာ မိနစ်အစောပိုင်း ထပ်မံ ဦးဆောင်ခဲ့ပေမယ့် ယူနိုက်တက်က အချိန်ပို ဒုတိယပိုင်းမှာ ချေပဂိုးရော အနိုင်ဂိုးပါ ဆက်တိုက် သွင်းယူရင်း ဆီမီးဖိုင်နယ်ဆီ တက်လှမ်းခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီလို အက်ဖ်အေဖလားမှာ လီဗာပူးလ်လို ခါးသီးပြိုင်ဘက်ကို အလဲထိုးပြီး ဆီမီးအထိ တက်လှမ်းခဲ့ချိန် ပရီးမီးယားလိဂ်ပွဲတွေဘက်မှာလည်း ဗီလာက သရေ စပါးက ရှုံးထားခဲ့လို့ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရော အက်ဖ်အေဖလား မျှော်လင့်ချက်တွေပါ ပိုမို ရှင်သန်လာခဲ့ရပါတယ်။

ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က “ကျွန်တော်မှာ အခုနိုင်ပွဲထက် ပိုကောင်းတဲ့ နိုင်ပွဲတွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော် ပြောနိုင်တယ်။ ဒါပေမယ့် ဒီလိုနိုင်ပွဲမျိုးက ကျွန်တော့်အသင်းဟာ ဘယ်လို စိန်ခေါ်မှုမျိုးမဆို ဖြတ်ကျော်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသလိုက်သလိုပါပဲ။”

Photo Credit : Sky Sports

“ကျွန်တော်တို့ အနေနဲ့ ဒီလို နိုင်ပွဲတွေကနေ ယုံကြည်မှုတွေ ရလာတယ်။ အံ့အားသင့်စရာကောင်းတဲ့ အရာတွေကို လုပ်ဆောင်နိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ကျွန်တော်တို့တွေ လီဗာပူးလ်အသင်းကို ဒီလို ပုံစံမျိုးနဲ့ အနိုင်ရခဲ့လိုက်တာမို့ ဘယ်အသင်းကိုမဆို ကျွန်တော်တို့ အနိုင်ယူနိုင်ပြီလို့ ထင်မိပါတယ်။”

“ကျွန်တော်တို့မှာ အနာဂတ်အတွက် အရမ်းကောင်းမွန်တဲ့ ငယ်ရွယ်ပျိုမြစ်တဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော် ရက်သတ္တပတ်များစွာကတည်းက ပြောခဲ့ပြီးပါပြီ။ အခုဆိုရင်လည်း ကျွန်တော်တို့အသင်းရဲ့ အလားအလာတွေကို မြင်တွေ့နိုင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။