မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်က ယူနိုက်တက်ကို စတင် ကိုင်တွယ်ခဲ့တဲ့ မနှစ်က ဘောလုံးရာသီမှာ အသင်းအတွက် ရယူပေးနိုင်ခဲ့သော ခါရာဘောင် လိဂ်ဖလားကို ဒီရာသီမှာလည်း ထပ်မံ ရယူသွားချင်ပါတယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၇ခုနှစ် နောက်ပိုင်းကတည်းက ဆုဖလား အောင်မြင်မှုတွေနဲ့ ကင်းကွာနေခဲ့တာဖြစ်ပြီး မနှစ်က ရာသီမှသာ လိဂ်ဖလားကို ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်း ပြန်လည် ရရှိခဲ့ပါတယ်။

Photo Credit : Eurosport

မနှစ်က ဘောလုံးရာသီမှာ ယူနိုက်တက်က လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ကက်စီမဲရိုး ရပ်ရှ်ဖို့ဒ်တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ နယူးကာဆယ်ကို အနိုင်ယူရင်း လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ရပါတယ်။

အခုလည်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ဒီရာသီ လိဂ်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ နယူးကာဆယ်နဲ့ ထပ်မံ ဆုံတွေ့နေရပြီး နယူးကာဆယ်ကလည်း တတိယအဆင့်မှာ မန်စီးတီးလို အသင်းမျိုး ကျော်ဖြတ်လာခဲ့တာ ဖြစ်တာမို့ ဒီတစ်ကြိမ်တော့ ယူနိုက်တက်အတွက် ပိုမို ခက်ခဲရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

“ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက လိဂ်ဖလားကို ပြန်လည် ပြောင်းလဲသွားပြီး မနှစ်က ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် လုပ်ဆောင်ခဲ့တာတွေက ဘယ်လောက်အထိ ကောင်းခဲ့လဲဆိုတာကိုလည်း အမှတ်ရနေပါတယ်။ မနှစ်က ကျွန်တော်တို့တွေ ဒီပြိုင်ပွဲအပေါ် အလေးထား ယှဉ်ပြိုင်ခဲ့တယ်။ အထူးသဖြင့် နယူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိုင်နယ်ပွဲကို ကျွန်တော်တ်ို့ စွမ်းဆောင်ရည်တွေကို သေချာပြသနိုင်ခဲ့တယ်။”

“အခုလည်း ဒီနေ့ညပွဲက ကျွန်တော့်အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေမှာပါ။ ကျွန်တော်တို့ကတော့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲတိုင်းမှာ တက်နိုင်သလောက် အကောင်းဆုံး လုပ်ပြသွားချင်တယ်။ ပြီးတော့ ဒီလိဂ်ဖလားကို ကိုင်မြှောက်ရတဲ့ ခံစားချက်က ဘယ်လောက်ကောင်းလဲဆိုတာ သိထားတာမို့ ဒီရာသီမှာလည်း လိဂ်ဖလားကို ထပ်မံ ရယူသွားချင်ပါတယ်။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။