မနေ့ညက ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်း Selhurst Park ကွင်းမှာ အိမ်ရှင်ပဲလေ့စ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ် (၅)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ယူနိုက်တက်က အခွင့်အရေးတွေများစွာ ရရှိခဲ့ပေမယ့်လည်း အကောင်းမွန်ဆုံး အသုံးမချနိုင်ခဲ့တဲ့အတွက် ဂိုးမရှိသရေနဲ့ ပွဲက အဆုံးသတ်သွားခဲ့ပါတယ်။

ယူနိုက်တက်က ဒီပွဲမတိုင်ခင်မှာ ဆောက်သမ်တန်ကို (0-3) ဘန်စလေကို (7-0) ဆိုတဲ့ ရလဒ်တွေနဲ့ ပြတ်ပြတ်သားသား အနိုင်ရထားခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရထားသေးတဲ့ ပဲလေ့စ်ကိုတော့ ပြီးခဲ့တဲ့ ရာသီက ရှုံးကြွေးတွေ ပြန်ဆပ်နိုင်တော့မယ်လို့ ယူဆခဲ့ပေမယ့် ဂိုးတောင် မသွင်းနိုင်ပဲ သရေပွဲသာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Goal

ဒီပွဲမှာ ယူနိုက်တက်က ပွဲကစားချိန် (၆၅)မိနစ်လောက်အထိ ပုံစံကောင်းတွေ ပြသခဲ့ပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို သေချာ အဆုံးမသတ်နိုင်တာနဲ့ (၆၅)မိနစ်နောက်ပိုင်း ကစားသမား အပြောင်းအလဲလုပ်ပြီး ကစားအား ကျဆင်းသွားတာတွေက ယူနိုက်တက်အတွက် ရမှတ်(၂)မှတ် လျော့သွားစေခဲ့ရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ငါတို့တွေ နိုင်ပွဲရသင့်တယ်။ ပထမပိုင်းမှာပဲ ပွဲကို အဆုံးသတ်လိုက်နိုင်သင့်ခဲ့တာ။ ဂိုးလည်း (၁)ဂိုး ဒါမှမဟုတ် (၂)ဂိုးလောက်အထိ သွင်းထားနိုင်ခဲ့သင့်တာ။ ဒုတိယပိုင်းမှာကျတော့ ကစားပုံက ပိုဟန်ချက်ညီသွားခဲ့တယ်။ နောက်ပြီး ငါတို့က ခံစစ်ကျစ်လစ်တဲ့ အသင်းတစ်သင်း ဖြစ်နေအောင်လည်း ကြိုးစားခဲ့ပါသေးတယ်။”

Photo Credit : centredevils

“အခွင့်အရေးဆိုတာကတော့ တစ်ကြိမ်လောက် အမြဲတမ်း ရတက်လေ့ရှိပြီး သူတို့အသင်းက (၄၄)မိနစ်မှာ အခွင့်အရေး တစ်ကြိမ် ရခဲ့ပါတယ်။ ဒါဟာ သူတို့အသင်းအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုအဖြစ် ရခဲ့တာပါ။ ဒါပေမယ့်လည်း အဲ့ဒီအချိန်လောက်မှာပဲ ငါတို့အသင်းဟာလည်း (2-0) (3-0) လောက်အထိ ဖြစ်နေသင့်ပါပြီ။”

“ဒုတိယပိုင်းမှာ သူတို့က ကွင်းလယ်ပိုင်း အပြောင်းအလဲ လုပ်လာပြီးတော့ ကောင်းမွန်တဲ့ ကောင်တာတိုက်စစ်တွေနဲ့ ကစားလာတာ ငါတို့အတွက် ခက်ခဲလာရပါတယ်။ သူတို့က ကောင်တာတိုက်စစ်နဲ့ ငါတို့ကို ထိုးဖောက်လာခဲ့ပေမယ့် အိုနာနာရဲ့ နှစ်ကြိမ်ဆက် ကာကွယ်မှုကတော့ တကယ် အံ့မခန်းပါပဲ။ ဒင်း ဟန်ဒါဆန်ကလည်း အရမ်းကောင်းအောင် ကစားခဲ့ပါသေးတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။