လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ဝင်ရောက် ဆင်နွဲနိုင်ဖို့အတွက် ဒီရာသီအတွင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့က သူတို့ အသင်းရဲ့ အဓိက ပစ်မှတ်တစ်ခုပဲလို့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြောကြားလိုက်ပါတယ်။

နည်းပြ တန်ဟက်ဂ်က သူရဲ့ ယူနိုက်တက် နည်းပြဘဝ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် လိဂ်ဖလား ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခု သူရဲ့ ဒုတိယရာသီမှာတော့ အသင်းက FA Cup နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တို့သာ မျှော်လင့်လို့ရနိုင်မယ့် အခြေအနေမျိုး ရောက်နေပါတယ်။

Photo Credit : Fabrizio Romano

ဒီရာသီမှာ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲထဲ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရသလို လိဂ်ဖလားဘက်မှာလည်း မနှစ်က ဖိုင်နယ်မှာ တွေ့ခဲ့တဲ့ နယူးကာဆယ်နဲ့ စတုတ္ထအဆင့်မှာ ဆုံတွေ့ရင်း ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရလို့ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာဆိုရင်လည်း အမှတ်ပေးဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ (၁၄)မှတ်အထိတောင် ကွာဟလို့နေပြီး အဆင့်(၄)က စပါးနဲ့တောင် (၉)မှတ်ကွာနေရပါတယ်။ ဒါပေမယ့် ယူနိုက်တက် တစ်ပွဲလျော့ အနေအထား ဖြစ်နေပြီး ဒီနေ့မှသာ အက်စတွန် ဗီလာအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဗီလာအသင်းကို ဗီလာပါ့ခ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာက ယူနိုက်တက်အတွက် မလွယ်ကူပေမယ့် တန်ဟက်ဂ်ကတော့ သူ့အသင်းကို ပွဲတိုင်း သေချာကစားသွားဖို့ မှာကြားထားကြောင်းကို “ဇန်နဝါရီလ အစကတည်းက အခုကစပြီး ပွဲတိုင်းကို ဖိုင်နယ်ပွဲတွေလို့ သတ်မှတ် ကစားရမယ်လို့ ကျွန်တော် ပြောထားပါတယ်။”

“ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရဖို့က အရမ်း အရေးကြီးပါတယ်။ ချန်ပီယံလိဂ် ကစားခွင့်ရတဲ့အခါမှာလည်း အသင်းရဲ့ ဘဏ္ဍာရေးအင်အားကလည်း ပိုမို တောင့်တင်းလာလိမ့်မယ်။ ဒါကြောင့် ဒါက ကျွန်တော်တို့အသင်းရဲ့ ပစ်မှတ်ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။