မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဒီနှစ် ဘောလုံးရာသီထဲ ဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ရပ်ရှ်ဖို့ဒ်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပြိုင်ပွဲစုံ စုစုပေါင်း သွင်းဂိုး (၃၀)အထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာသာ သွင်းဂိုး တစ်ဂိုးတည်းကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

ဒီရာသီမှာ မန်ယူနိုက်တက်အသင်းက အထောင်တိုက်စစ် နေရာအတွက် အတ္တလန်တာက ဒိန်းမတ် တိုက်စစ်မှူး ရက်မတ်စ် ဟွိုင်လန်းကို ခေါ်ယူထားနိုင်ခဲ့လို့ ရပ်ရှ်ဖို့ဒ်ကို သူကစားချင်တဲ့ ဘယ်ခြမ်း တိုက်စစ်နေရာမှာ ထားသုံးနိုင်ပေမယ့်လည်း ရပ်ရှ်ဖို့ဒ်က ဂိုးရဖို့တောင် ရုန်းကန်နေရပါတယ်။

ယူနိုက်တက်အသင်းက ဒီရာသီမှာ တိုက်စစ်ကစားသမားတွေ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပြီး ဟွိုင်လန်း ရပ်ရှ်ဖို့ဒ် အန်တိုုနီ ဂါနာချို မာရှယ်တို့ အားလုံးဟာလည်း ဂိုးရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရသလို ဘောလုံး ကလောင်ရှင်တွေနဲ့ အသင်းပရိသတ်တွေကတော့ ရပ်ရှ်ဖို့ဒ်ကို ခဏခေါက်ထားဖိုု့ပါ ထောက်ပြလာကြပါတယ်။

Photo Credit : Twitter X

ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ သူရဲ့ကစားသမား ရပ်ရှ်ဖို့ဒ်အပေါ်မှာ ယုံကြည်မှု ရှိနေကြောင်း “သူ့ကို ယုံကြည်မှုပေးပြီး ပွဲတ်ိုင်း ကစားခွင့်ပေးသွားရပါမယ်။ ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ။”

“ပွဲအများစုမှာလည်း သူက ကြိုးစား ကစားနေတာမို့ မကြာခင်မှာပဲ ဂိုးတွေ အများကြီး ပြန်လည် သွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။