မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ့အနေနဲ့ နယ်သာလန်ကလပ် အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်း နည်းပြရာထူးကို လက်ခံလိုက်ခြင်းက စိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့အတွက် ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီး သူရဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာပဲ ယူနိုက်တက်အတွက် ခါရာဘောင်း လိဂ်ဖလား ရယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၃)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ယူနိုက်တက်နဲ့ တာထွက်လှခဲ့တယ်လို့ သတ်မှတ်နိုင်တဲ့ တန်ဟက်ဂ်က အခု ဒုတိယမြောက် ဘောလုံးရာသီမှာတော့ ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ရလဒ်တွေ မတည်ငြိမ်နေသလို ခြေစမ်းကောင်းတဲ့ ပွဲကလည်း အနည်းငယ်သာ ရှိနေခဲ့ရပါတယ်။

လက်ရှိမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရသလို နည်းပြရာထူးအတွက်ပါ လှုပ်ခတ်မှုတွေ ရှိလာခဲ့တဲ့ တန်ဟက်ဂ်က သူ့အနေနဲ့ အခုလို အခြေအနေမျိုးကို ဖြတ်သန်းရမယ်ဆိုတာ သိရှိပါထားကြောင်းနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည်ထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : Fabrizio Romano

“ကျွန်တော် ယူနိုက်တက် နည်းပြရာထူးကို လက်ခံတော့မယ်ဆိုတဲ့ အချိန်မှာ ကျွန်တော့် အပေါင်းအသင်းတွေက သတိပေးကြပါတယ်။ ယူနိုက်တက်ကို မကိုင်တွယ်ဖို့။ သူတို့တွေက ကျွန်တော် ယူနိုက်တက်မှာ အောင်မြင်မှု မရနိုင်ဘူးလို့ပဲ ပြောကြတယ်။”

“သူတို့ ပြောသလို မလွယ်ကူဘူးဆိုတာကို ကျွန်တော် သိပါတယ်။ အခက်ခဲဆုံး အလုပ်တစ်ခု ဖြစ်နေပေမယ့်လည်း ကျွန်တော်ကတော့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်သွားချင်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာကို ရောက်လာခဲ့တာပါ။” လို့ တန်ဟက်ဂ်က ပြောဆိုခဲ့ပါတယ်။