ဒီနှစ် ဘောလုံးရာသီ ၂၀၂၃-၂၀၂၄ ရာသီရဲ့ ဥရောပ ထိပ်တန်း အမှတ်ပေးလိဂ်ကြီး (၅)ခုအတွင်း ရှုံးပွဲ အများဆုံးဖြစ်နေရတဲ့ နည်းပြတွေထဲ မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဒုတိယနေရာကနေ ပါဝင်လာခဲ့ပါတယ်။

နယ်သာလန်လူမျိုး အေဂျက်စ် နည်းပြဟောင်း တန်ဟက်ဂ်ဟာ မနှစ်ကမှ မန်ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာ အသင်းကို ခါရာဘောင် လိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီလို အခြေအနေတွေကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အဆင်မပြေ ခွာပြဲမှုတွေကို ယူနိုက်တက် ပရိသတ်တွေဘက်က လစ်လျူရှုပေးနိုင်ခဲ့ပေမယ့် တန်ဟက်ဂ်ရဲ့ ဒုတိယမြောက် ရာသီဖြစ်တဲ့ အခုရာသီမှာတော့ တန်ဟက်ဂ်က အတော်လေးကို ရုန်းကန်လာခဲ့ရပါတယ်။

တန်ဟက်ဂ်က ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တစ်ခါတည်း တန်းပြန်ရအောင်ပါ လုပ်ဆောင်ခဲ့ပါသေးတယ်။ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရှုံးပွဲ (၄)ပွဲထိ ကြုံတွေ့ခဲ့ပြီး နိုင်ပွဲလည်း (၁)ပွဲသာ ရှိခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း (၂၁)ပွဲအထိ ကစားထားပြီးချိန် စုစုပေါင်း ရှုံးပွဲက (၉)ပွဲအထိ ရှိနေပြန်ပါတယ်။ ဒါဟာလည်း ပရီးမီးယားလိဂ်ရဲ့ Top 10 အသင်းတွေထဲ နယူးကာဆယ်ပြီးနောက် ဒီရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲ အရေအတွက် အများဆုံးအသင်းပါ ဖြစ်နေရပါတယ်။

နောက်ပြီး မနှစ်က ဗိုလ်စွဲခဲ့တဲ့ ခါရာဘောင် လိဂ်ဖလားမှာလည်း နယူးကာဆယ်ကို ဂိုးပြတ် ရှုံးနိမ့်ရင်း စတုတ္ထအဆင့်နဲ့ပဲ လှည့်ပြန်သွားခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဒီရာသီမှာ စုစုပေါင်း ရှုံးပွဲ (၁၄)ပွဲအထိတောင် ရှိခဲ့ရပြီး သူ့ထက် ရှုံးပွဲများတာဆိုလို့ ဘန်လေတစ်သင်းတည်းသာ ရှိနေတော့ပြီး ယူနိုက်တက် နည်းပြ တန်ဟက်ဂ်ထက် ရှုံးပွဲများတာကလည်း ဘန်လေနည်းပြ ကွန်ပနီသာ ရှိနေပါတော့တယ်။