မနေ့က အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ ဘုန်းမောက်အသင်းတို့ ရင်ဆိုင်ခဲ့ရာ ဧည့်သည် ဘုန်းမောက်က (၃)ဂိုး ဂိုးမရှိဆိုတဲ့ အံ့အားသင့်ဖွယ် ရလဒ်မျိုးနဲ့ ယူနိုက်တက်ကို အနိုင်ယူသွားခဲ့ပြီး ဒါဟာ အိုးထရက်ဖို့ဒ်မှာ အိမ်ရှင်အသင်းကို ပထမဆုံးအကြိမ်အဖြစ် အနိုင်ရခဲ့တာလည်း ဖြစ်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ချယ်လ်ဆီးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်းကိုမှ (၂)နေရာသာ အပြောင်းအလဲ လုပ်ခဲ့ပြီး လုခ်ရှောကို မက်ဂွိုင်းယားနဲ့ CB မှာ တွဲကစားစေကာ ဘယ်ခြမ်းမှာတော့ ရယ်ဂီလွန်ကို ထည့်သွင်းခဲ့ပါတယ်။ နောက်ပြီး တိုက်စစ်ကိုတော့ ဟွိုင်လန်းအစား မာရှယ်နဲ့ ပွဲထွက်စေခဲ့ပါတယ်။

Photo Credit : UtdDistrict

ယူနိုက်တက်က ဒီရာသီအတွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပုံမှန်မပြသနိုင်တာက အသင်းအတွက် အဆိုးရွှားဆုံး အချက်တစ်ခု ဖြစ်နေရပြီး အခုဆိုရင် ဒီတစ်ရာသီအတွင်း စုစုပေါင်း ရှုံးပွဲ အရေအတွက်က (၁၁)ပွဲအထိတောင် ရှိလာခဲ့ရပါတယ်။

ဒါ့အပြင် နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ကစားသမား အသုံးပြုမှုတွေကလည်း မေးခွန်းထုတ်စရာ ဖြစ်နေရပြီး ပွဲကို ချဉ်းကပ်တဲ့ ပုံစံတွေကလည်း စိတ်ပျက်စရာ အနေအထားမှာ ဖြစ်နေရပါတယ်။ အခု ရှုံးပွဲနဲ့ ပတ်သက်ပြီးတော့လည်း တန်ဟက်ဂ်က “ဒီရှုံးပွဲအတွက် ကျွန်တော် တာဝန်ယူသွားရပါမယ်။”

Photo Credit : UtdDistrict

“ကျွန်တော်တို့အသင်းက တကယ့်ကို စွမ်းဆောင်ရည်တွေကို ပုံမှန်မပြသနိုင်တာတွေပါပဲ။ ကျွန်တော်တို့မှာ စွမ်းဆောင်ရည်ကောင်းတွေ ရှိနေတယ် ဆိုပေမယ့်လည်း အဲ့ဒီလို စွမ်းဆောင်ရည်ကောင်းတွေကို ပွဲတိုင်းလိုလိုမှာ ပြသသွားနိုင်ဖို့ လိုအပ်ပါတယ်။”

“တသမတ်တည်း ဖြစ်နေတဲ့ ခြေစွမ်းမျိုးကို လိုအပ်ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်များစွာနဲ့ အရမ်းကောင်းတဲ့ ပွဲတွေကိုလည်း ကစားနိုင်တယ်။ ဒါပေမယ့် (၃)ရက်တစ်ပွဲ ကစားရမယ် ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ ရအောင် လုပ်ဆောင်သွားနိုင်ရပါမယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။