ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ ရိုးမားအသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတဲ့ နည်းပြ ဂျိုဆေး မော်ရင်ဟိုရဲ့ နောက်ကို တပည့်ကျော် တမ်မီ အေဘရာဟမ်ပါ လိုက်ပါသွားဖို့ ရှိနေတယ်လို့ TEAMtalk သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၆၀)အရွယ် ပေါ်တူဂီလူမျိုး စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုဟာ ၂၀၂၁ခုနှစ်ကမှ ရိုးမားအသင်းနဲ့ လက်တွဲခဲ့တာဖြစ်ပြီး သူရဲ့ ရိုးမားနည်းပြဘဝ ပွဲဦးထွက် ဘောလုံးရာသီမှာပဲ ရိုးမားအသင်းအတွက် ပထမဆုံးသော ဥရောပဖလားဖြစ်တဲ့ ကွန်းဖရန့်စ်လိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : The Independent

ဒါ့အပြင် မော်ရင်ဟိုက ရိုးမားနည်းပြဘဝ ဒုတိယမြောက် ဘောလုံးရာသီမှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပြန်ပြီး တစ်ဖက်က ယူရိုပါလိဂ် သခင်ကြီးဖြစ်တဲ့ ဆီဗီလာနဲ့ ရင်ဆိုင်ခဲ့ရတာမို့ အနိုင်မယူနိုင်ခဲ့ပဲ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အခုတော့ မော်ရင်ဟိုက ရိုးမားနဲ့ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရပြီး မော်ရင်ဟိုရဲ့ တတိယမြောက် ရာသီတိုင်းဟာလည်း ကြမာဆိုး တစ်ခုမဟုတ် တစ်ခုနဲ့ ကြုံရတက်သလို ဒီရာသီမှာလည်း (၉)ပွဲ ကစားထားပြီးချိန် နိုင်ပွဲက ဒီနောက်ပိုင်း နိုင်ပွဲတွေ ရလာရင်း (၄)ပွဲသာ ရှိထားခဲ့ရပါတယ်။

Photo Credit : Twitter X

ဒီအခြေအနေမှာ မော်ရင်ဟိုက သူရဲ့ အနာဂတ်ဟာလည်း မရေရာတော့ဘူး ဆိုတာကို မြင်လာရပြီး ရာသီအကုန်မှာ ရိုးမားအသင်းနဲ့ လက်တွဲဖြုတ်လာရနိုင်တယ်လို့ပါ ဝန်ခံလာခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက ဆော်ဒီလိဂ်မှာ ကလပ်အသင်း တစ်သင်းသင်းကို ကိုင်တွယ်သွားဖို့လည်း ဆန္ဒရှိတယ်လို့ ထုတ်ဖော် ပြောဆိုထားခဲ့ပါသေးတယ်။

တကယ်လို့ မော်ရင်ဟိုသာ ရိုးမားကနေ ထွက်ခွာသွားမယ်ဆိုရင် မော်ရင်ဟို ထပ်မံ ကိုင်တွယ်မယ့် ကလပ်အသင်းဆီကို တိုက်စစ်မှူး အေဘရာဟမ်ပါ လိုက်ပါသွားလိမ့်မယ်လို့ သိရပါတယ်။ မော်ရင်ဟို နဲ့ အေဘရာဟမ်တို့ ဆရာတပည့် နှစ်ဦးက မော်ရင်ဟို ရိုးမားကို ရောက်လာချိန်ကတည်းက အသေအချာလေး အတွဲအဖက်မိခဲ့သူတွေဖြစ်လို့ ရိုးမားကနေ ထွက်ခွာဖြစ်မယ်ဆိုရင်လည်း လာမယ့် ကလပ်အသင်းသစ်မှာပါ ပြန်လည် လက်တွဲသွားကြဖွယ် ရှိနေပါတယ်။