ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် ဆိုဘော့ဇလိုင်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၄-၂ နယူးကာဆယ် ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ကြောင်း လီဗာပူးနည်းပြချုပ် ယာဂင် ကလော့ပ်က အတည်ပြုသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဟန်ဂေရီ ကွင်းလယ်ဖန်တီးရှင် ဆိုဘော့ဇလိုင်းက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ လိုက်ပ်ဇစ် ကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လီဗာပူးက သူ့အတွက် လိုက်ပ်ဇစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

ဆိုဘော့ဇလိုင်းက လီဗာပူးထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပြီး သူက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၄-၂ နယူးကာဆယ် ပွဲစဉ်မှာလည်း ဆိုဘော့ဇလိုင်းက အန်ဒို ၊ ကာတစ်ဂျုံးစ် စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ လီဗာပူးရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားခဲ့ပြီး သူက ပွဲချိန် မိနစ် ၆၀ကျော်မှာ ကံမကောင်းစွာနဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းဖော် ဂရာဗန်ဘက်နဲ့ လူစားလဲခံခဲ့ရပါတယ်။

Photo Credit: Anfield Watch

ကနဦးမှာ လီဗာပူးပရိသတ်တွေက ဆိုဘော့ဇလိုင်းဟာ ပွဲပန်းနေတာကြောင့် လူစားလဲခံခဲ့ရတာလို့ ထင်မှတ်ခဲ့ပေမယ့် လီဗာပူးနည်းပြချုပ် ကလော့ပ်က ပွဲပြီးအင်တာဗျူးမှာ ဆိုဘော့ဇလိုင်းဟာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က ဆိုဘော့ဇလိုင်းကို လူစားလဲဖို့ စဉ်းစားထားပြီးသားပါ။ ကံမကောင်းစွာနဲ့ပဲ သူ့ကို လူစားလဲဖို့ ပြောနေတဲ့အချိန်မှာ သူက ဒဏ်ရာရသွားခဲ့ပါတယ်။ သူက လူစားလဲဖို့ ၁မိနစ်လောက် အလိုမှာ တံကောက်ကြောဒဏ်ရာ ရသွားခဲ့တာပါ။ ကျွန်တော်တို့က သူ့ရဲ့ ဒဏ်ရာ အတိမ် ၊ အနက်ကို မသိရသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အချိန်ပေး စောင့်ကြည့်ဖို့ လိုပါသေးတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။