လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဒိုမနစ် ဆိုဘော့ဇ်ဆလိုင်းဟာ တံကောက်ကြောဒဏ်ရာ ခံစားနေရတာကြောင့် ရက်သတ္တပတ် (၃)ပတ်ကနေ (၄)ပတ်လောက်အထိ အနားယူသွားရနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ဒီနွေမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန် အပါအဝင် ဖာဘင်ဟို ကီတာ မီနာ ချိန်ဘာလိန်တို့လို ကွင်းလယ်လူတွေကို ရှင်းထုတ်ပြီး ဆိုဘော့ဇ်ဆလိုင်း မက်အယ်လစ္စတာ အန်ဒိုတို့ကို ပြန်လည် ဖြည့်တင်းခဲ့ပါတယ်။

Photo Credit : TEAMtalk

လိုက်ပ်ဇစ်ကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာပြီး လီဗာပူးလ်ရဲ့ ဂန္တဝင် ကစားသမားကြီး စတီဗင် ဂျရတ် ကျောနံပါတ် (၈)ကို ဝတ်ဆင်ခွင့် ရထားတဲ့ ဟန်ဂေရီ လက်ရွေးစင် ကွင်းလယ်လူ ဆိုဘော့ဇ်ဆလိုင်းဟာ အချိန်တိုလေးအတွင်းမှာ လီဗာပူးလ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

ဆိုဘော့ဇ်ဆလိုင်းဟာ နယူးကာဆယ်နဲ့ပွဲစဉ်အတွင်း ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လီဗာပူးလ်ရဲ့ ပွဲစဉ် (၄)ပွဲ ပါဝင်နိုင်ခြင်း မရှိပဲ နောဝစ်ချ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှသာ လူစားဝင်အဖြစ် ပါဝင်လာသလို ချယ်လ်ဆီးနဲ့ပွဲမှာလည်း ပွဲထွက် ကစားသမားအဖြစ် ပါဝင်ရင်း သွင်းဂိုးတစ်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Sports Mole

ဒါပေမယ့်လည်း ဆိုဘော့ဇ်ဆလိုင်း ဒဏ်ရာက အသေအချာ သက်သာလာခြင်း မရှိသေးတာကြောင့် ဆိုဘော့ဇ်ဆလိုင်းအနေနဲ့ (၄)ပတ်ခန့်လောက်အထိ အနားယူသွားရဖို့ ရှိနေပြီး လီဗာပူးလ်အသင်း ပွဲစဉ် (၆)ပွဲခန့်လောက်အထိ လွဲချော်သွားရဖို့လည်း ရှိနေပါတယ်။

ဒါပေမယ့် ဂျပန်လက်ရွေးစင်အသင်းက အာရှဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်တာကြောင့် ဂျပန် ကွင်းလယ်လူ အန်ဒိုက လီဗာပူးလ်နဲ့ ပူးပေါင်းနိုင်တော့မှာ ဖြစ်သလို ဆိုဘော့ဇ်ဆလိုင်းဟာလည်း မတ်လ (၁၀)ရက်နေ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာပါ ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။