မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပေါင်(၇၃.၃)သန်းတန် တိုက်စစ်မှူးသစ် ဘန်ဂျမင် ဆက်စ်ကိုဟာ လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခြေ အလွန်နည်းပါးနေတယ်လို့ စူပါကွန်ပျူတာတစ်ခုရဲ့ ခန့်မှန်းချက်တွေအရ သိရပါတယ်။

ရာသီသစ်စတင်ဖို့ ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာတဲ့ ဒီခန့်မှန်းချက်ဟာ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ဘယ်ကစားသမားတွေ ရနိုင်ခြေအရှိဆုံးလဲဆိုတာကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာက (၂၉)ဂိုးနဲ့ ရွှေဖိနပ်ဆုကို အပြတ်အသတ် ဆွတ်ခူးခဲ့ပြီး နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်က (၂၃)ဂိုး နှစ်ကြိမ်တိုင်တိုင် ရွှေဖိနပ်ဆု ရခဲ့ဖူးတဲ့ အာလင်း ဟာလန်းက (၂၂)ဂိုးနဲ့ ဒုတိယနဲ့ တတိယနေရာတွေမှာ အသီးသီး ရပ်တည်ခဲ့ပါတယ်။

Photo Credit : The Sun

ဆက်စ်ကိုဟာ နယူးကာဆယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ယူနိုက်တက်အသင်းကို (၅)နှစ်စာချုပ်နဲ့ တရားဝင် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ နည်းပြရူဘင် အာမိုရင်ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ သူဟာ အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်လာဖွယ်ရှိပြီး သူ့ရဲ့နောက်မှာတော့ ဘရိုင်ယန် အမ်ဘူမိုနဲ့ မားတီယက်စ် ကွန်ညာတို့က ကွင်းလယ်တိုက်စစ် (No. 10) နေရာတွေကနေ ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။

CasinoHawks က ပြုလုပ်ခဲ့တဲ့ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ဆလိုဗေးနီးယား တိုက်စစ်မှူးဟာ ရာသီကုန်မှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်လာဖို့ ၀.၀၁ ရာခိုင်နှုန်းပဲ အခွင့်အရေးရှိတယ်လို့ ဆိုပါတယ်။ သူဟာ ၂၀၂၄-၂၅ ရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် လိဂ်ပွဲ(၃၃)ပွဲမှာ (၁၃)ဂိုး သွင်းယူခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ ကစားမယ့် လာမယ့်ရာသီအတွက် သူ့ရဲ့ သွင်းဂိုးမျှော်မှန်းချက် (Expected Goals – xG) ကလည်း (၈.၉)ဂိုး ပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Photo Credit : The Sun

စိတ်ဝင်စားစရာကောင်းတာကတော့ ဆက်စ်ကိုရဲ့ အသင်းဖော်ဖြစ်တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတောင် သူ့ထက် ဖြစ်နိုင်ခြေ ပိုများနေပါသေးတယ်။ ဘရူနိုဟာ ပြီးခဲ့တဲ့ရာသီက (၈)ဂိုးပဲ သွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ xG က ၁၀.၂ ရှိပြီး ရွှေဖိနပ်ဆုရနိုင်ခြေ ၀.၀၄ ရာခိုင်နှုန်း နဲ့ ဆက်စ်ကိုအထက်မှာ ရှိနေပါတယ်။

ဒီခန့်မှန်းချက်အရ မန်စီးတီးတိုက်စစ်မှူး အာလင်း ဟော်လန်း ကတော့ ရွှေဖိနပ်ဆုကို ပြန်လည်ရယူဖို့ ၆၈.၃ ရာခိုင်နှုန်း နဲ့ အခွင့်အရေး အများဆုံးအဖြစ် ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံ မိုဟာမက် ဆာလာ ကတော့ ဟာလန်းထက် အခွင့်အရေး (၇)ဆနီးပါးလျော့ကျသွားပြီး ဒုတိယနေရာမှာ ရှိနေပါတယ်။ ဆာလာရဲ့ အခွင့်အရေး သိသိသာသာ ကျဆင်းသွားရတဲ့ အဓိကအကြောင်းရင်းကတော့ လာမယ့်ရာသီအတွင်း ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၁)ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၈)ရက်အထိ ကျင်းပမှာဖြစ်ပြီး အီဂျစ်အသင်းနဲ့အတူ ဆာလာ ပါဝင်ကစားရမှာဖြစ်လို့ လီဗာပူးလ်အသင်းအတွက် လိဂ်ပွဲ အနည်းဆုံး (၆)ပွဲခန့် လွဲချော်နိုင်ပါတယ်။ ဒါဟာ ရာသီတစ်ခုလုံးရဲ့ (၁၆)ရာခိုင်နှုန်းနီးပါး ဖြစ်ပါတယ်။

အခြားသော ရေပန်းစားသူများ

အလက်ဇန်းဒါး အီဆက် (နယူးကာဆယ်) – ၈.၀% (တတိယနေရာ)

ဗစ်တာ ဂျိုကီရက်စ် (စပို့တင်း) – ၄.၁%

ခရစ် ဝုဒ် (နော်တင်ဟမ်ဖောရက်စ်) – ၃.၈%

ကိုးလ် ပါးလ်မာ (ချဲလ်ဆီး) – ၁.၉%

ဒီခန့်မှန်းချက်တွေကို ကစားသမားတစ်ဦးချင်းစီရဲ့ အရင်ရာသီတွေက ဒေတာအချက်အလက်တွေနဲ့ သွင်းဂိုးမျှော်မှန်းချက် (xG) တွေကို အခြေခံပြီး၊ ကွန်ပျူတာတွင်းမှာ ပုံစံတူ သရုပ်ပြကစားမှုပေါင်း အကြိမ်တစ်သိန်း (100,000) ပြုလုပ်ပြီးနောက် ထွက်ပေါ်လာတဲ့ ရလဒ်တွေဖြစ်ကြောင်း သိရပါတယ်။