အာဆင်နယ်အသင်းမှာ (၇)နှစ်ကြာအထိ ပါဝင်ကစားခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဆွစ်ဇာလန် ကွင်းလယ်လူဂရာနစ် ရှာကာဟာ အခုအချိန်မှာတော့ အင်္ဂလန်ထိပ်တန်းလိဂ်ကို ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ရှာကာကို ဆော်ဒီပရိုလိဂ်က ထိပ်တန်းကလပ်အသင်းတွေ စိတ်ဝင်စားနေတဲ့ကြားက ပရီးမီးယားလိဂ်ကို အချိန်အတန်ကြာမှ ပြန်လည် တက်လှမ်းလာနိုင်ခဲ့တဲ့ ဆန်းဒါးလန်းအသင်းကပါ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ကစားသမားဘဝကို ဆက်လက် လုပ်ကိုင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
Photo Credit : TNT Sports
အသက် ၃၂ နှစ်အရွယ် ရှာကာဟာ ၂၀၂၃ ခုနှစ်မှာ လေဗာကူဆင်အသင်းကို မပြောင်းခင်က အမ်းမရိတ်စ်မှာ ပရိသတ် အချစ်တော် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၂)လက ဘွန်ဒက်စ်လီဂါဖလားကို လေဗာကူဆင်နဲ့အတူ ဆွတ်ခူးပြီးနောက် ရှာကာဟာ နောက်ထပ် အပြောင်းအရွှေ့တစ်ခုအတွက် စိတ်ဝင်စားနေပုံရပါတယ်။
ဆွစ်ဇာလန်လက်ရွေးစင် ရှာကာကို ဆော်ဒီကလပ် Neom SC က စိတ်ဝင်စားနေတယ် ဆိုတာကတော့ မကြာသေးမီရက်တွေက သတင်းတွေမှာ ဖော်ပြထားပြီးသားပါ။ ဒါပေမဲ့ Sky Sports Belgium ရဲ့ ဖော်ပြချက်အရ ဆန်းဒါးလန်းကလည်း အခု စိတ်ဝင်စားလာပြီး အဆင့်မြင့်လိဂ်မှာ ဆက်ရှိနေဖို့အတွက် သူ့ကို (၃)နှစ်စာချုပ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
Photo Credit : Goal
ပြီးခဲ့တဲ့ မေလက ချန်ပီယံရှစ် ပလေးအော့ဖ်ကို အနိုင်ရခဲ့တဲ့ ဆန်းဒါးလန်းဟာ သူတို့ရဲ့ပိုင်ရှင် ခါရီလ် လူးဝစ်-ဒရေးဖက်စ်ကတစ်ဆင့် လေဗာကူဆင်နဲ့ ကလပ်အချင်းချင်း ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ယူရို(၁၀)သန်း ကုန်ကျမယ့် သဘောတူညီမှုတစ်ခုအတွက် ဖြစ်ပါတယ်။ ဆန်းဒါးလန်းဟာ ဒီနွေရာသီမှာ ဟာဘစ်ဘ် ဒီယာရာ၊ ဆိုင်မွန် အဒင်ဂရာ၊ ချမ်စ်ဒင်း တာလ်ဘီ၊ နိုအာ ဆာဒီကီတို့ကို ခေါ်ယူဖို့အတွက် ငွေအမြောက်အမြား သုံးစွဲခဲ့ပြီး အန်ဇို လီ ဖီးကိုလည်း ပေါင်သန်း(၂၀)နဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။
ဆန်းဒါးလန်းက သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်း ဂျော်ဒန် ဟန်ဒါဆန်ကို ခေါ်ယူဖို့လည်း အပြင်းအထန် ကြိုးစားခဲ့ဖူးပေမဲ့ ဟန်ဒါဆန်ကတော့ ဘရန့်ဖို့ဒ်ကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါပေမယ့် ရှာကာဟာ နည်းပြ ရယ်ဂျစ် လီ ဘရစ်စ် လက်အောက်မှာ အခြေစိုက်ဖို့ ကြိုးစားနေတဲ့ အသင်းအတွက် သိသာထင်ရှားတဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံကို ထည့်သွင်းပေးနိုင်ပါလိမ့်မယ်။ ကလပ်အနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်ကြီးတဲ့ နွေရာသီ အပြောင်းအရွှေ့အစီအစဉ်တွေကို ဆက်လက် တွန်းအားပေးနေတာကြောင့် ရာသီသစ်မစခင်မှာ နောက်ထပ် ကစားသမားတွေ ခေါ်ယူဖို့ မျှော်မှန်းထားပါတယ်။