ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ဘရာဇီးလ် နာမည်ကြီးကလပ် ဂရီမဲရိုးနဲ့ လမ်းခွဲထားတဲ့ ဥရုဂွေးဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ယမန်နေ့ညမှာ ကျင်းပ ပြီးစီးခဲ့တဲ့ ဘရာဇီးလ်လိဂ်ရဲ့ တနှစ်တာ ဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ တနှစ်တာ အကောင်းဆုံး တိုက်စစ်မှူးဆုတို့ကို တပြိုင်ထဲ ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၆နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ဇန်နဝါရီလ ၁ရက်နေ့မှာ ဥရုဂွေးကလပ် နေစီယွန်နယ် ကနေ ဂရီမဲရိုးထံ ၁နှစ် သက်တမ်း ရှိတဲ့ ကာလတို စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူနဲ့ ဂရီမဲရိုးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုလ ၃၁ရက်နေ့မှာ ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လူးဝစ် ဆွာရက်ဇ်က ၂၀၂၃ခုနှစ် အတွင်းမှာ ဂရီမဲရိုး အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၆ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဂရီမဲရိုးကို ဘရာဇီးလ်ရဲ့ အဆင့်(၂)နေရာဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

လူးဝစ် ဆွာရက်ဇ်က ဘရာဇီးလ်လိဂ်မှာ ဂရီမဲရိုးအတွက် ၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိခဲ့ပြီး စုစုပေါင်း ဂိုးပါဝင်ပတ်သတ်မှု ၂၈ကြိမ် အထိ ရှိခဲ့တာကြောင့် ဘရာဇီးလ်လိဂ်ရဲ့ ဂိုးပါဝင်ပတ်သတ်မှု အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit: Optus Sports

ဒါကြောင့်ပဲ လူးဝစ် ဆွာရက်ဇ်က ယမန်နေ့ညမှာ ပြုလုပ်ခဲ့တဲ့ ဘရာဇီးလ်လိဂ်ရဲ့ တနှစ်တာဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ တနှစ်တာ အကောင်းဆုံး တိုက်စစ်မှူးဆုတို့ကို တပြိုင်ထဲ ဆွတ်ခူး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လူးဝစ် ဆွာရက်ဇ်က ဘရာဇီးလ်လိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ကစားသမား ဘဝကို ဘရာဇီးလ်မြေမှာ အဆုံးမသတ်ပဲ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ မက်ဆီ ၊ ဘူးစကွက် ၊ အယ်လ်ဘာတို့ ရှိနေတဲ့ အမေရိကမြေမှာ အဆုံးသတ်ဖို့ ရှိနေပြီး လက်ရှိမှာ မက်ဆီ ၊ ဘူးစကွက်နဲ့ အယ်လ်ဘာတို့ရဲ့ အင်တာ မိုင်ယာမီက ဆွာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။