ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုကို အလွန်အမင်း ဂရုစိုက်သူအဖြစ် လူသိများပြီး အခုတစ်ခါမှာတော့ သူ့ရဲ့ ထူးခြားတဲ့ အလေ့အကျင့်တစ်ခုကို ပေါ်တူဂီအသင်းဖော်ဟောင်းဖြစ်သူ ဆီဒရစ် ဆွာရက်စ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒါကတော့ ရော်နယ်လ်ဒိုဟာ အိပ်စက်ချိန်မှာ သူ့ရဲ့မိုဘိုင်းဖုန်းကို အိပ်ခန်းထဲမှာ လုံးဝထားလေ့မရှိဘူးဆိုတဲ့ အချက်ပါပဲ။

အသက်(၄၀)အရွယ်အထိ ထိပ်တန်းအဆင့်မှာ ကစားနေဆဲဖြစ်တဲ့ အယ်လ်နာဆာ တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုဟာ သူ့ရဲ့ အစားအသောက် အိပ်စက်ချိန်ပုံစံတွေကို အသေးစိတ် ဂရုတစိုက် လိုက်နာသူလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက သူ့ရဲ့ ကစားသမားဘဝကို တတ်နိုင်သလောက် ရှည်ကြာစေဖို့ ဖြစ်ပါတယ်။

Photo Credit : Goal

ရော်နယ်လ်ဒိုနဲ့အတူ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ (၂၅)ပွဲအထိ တွဲဖက်ကစားခဲ့ဖူးတဲ့ ဆွာရက်စ်က ESPN Brasil ကို အခုလို ပြောပြခဲ့ပါတယ်။ “သူက အချိန်တစ်ခုရောက်ရင် ဖုန်းသုံးတာကို လုံးဝရပ်လိုက်တယ်။ ဖုန်းက သူ့ရဲ့အိပ်စက်ခြင်းကို ထိခိုက်စေတယ်လို့ သူကပြောတယ်။ ဒါကြောင့် ဖုန်းကို အိပ်ခန်းအပြင်ဘက်မှာပဲ ထားခဲ့တယ်။”

“တစ်ခါတုန်းကဆိုရင် သူက ကျွန်တော့်ကို ‘ဆီဒရစ် မင်း 5G ကို သုံးလို့မဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒါက မင်းရဲ့ အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တယ်’ လို့တောင် ပြောခဲ့ဖူးတယ်။ အဲ့ဒီအချိန်က 5G နည်းပညာ စပေါ်ခါစပဲ ရှိသေးတယ်။ သူ အခုထိ အဲ့ဒီလို လုပ်နေတုန်းလားတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ သူကတော့ အိပ်ချိန်ပြည့်အောင် အိပ်စက်နိုင်ဖို့ ဖုန်း signal ကိုတောင် ပိတ်ဆို့ထားခဲ့တယ်။” လို့ ဆွာရက်စ်က ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

ရော်နယ်လ်ဒိုဟာ ပူးပေါင်းကြံစည်မှု သီအိုရီတွေကို ယုံကြည်နေတာမျိုးတော့ မဟုတ်နိုင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အပြင်းထန်ဆုံး ကာလတုန်းက 5G နည်းပညာဟာ လူ့ရဲ့ကိုယ်ခံအားစနစ်ကို အားနည်းစေတယ်၊ ဗိုင်းရပ်စ်ကို 5G ကွန်ရက်ကနေတစ်ဆင့် ကူးစက်စေနိုင်တယ်ဆိုတဲ့ သတင်းမှားတွေ အများအပြား ပျံ့နှံ့ခဲ့ဖူးပါတယ်။

ညဘက် Instagram သုံးပြီး အချိန်ဖြုန်းရတာကို မနှစ်သက်တဲ့ ရော်နယ်လ်ဒိုဟာ ဆော်ဒီအာရေဗျမှာ ကလပ်ဘောလုံးရာသီ ပြန်လည်စတင်တဲ့အခါ အကောင်းဆုံးပုံစံမှာ ရှိနေဖို့ အာရုံစိုက်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့အပတ်က တူးလူးစ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ ပရိသတ်မပါဘဲကစားခဲ့တဲ့ ပွဲစဉ်တစ်ခုမှာ ပေါ်တူဂီကလပ်ငယ်လေး အက်စ်ထရန်လာ ဒါ အမာဒိုရာအသင်းကို အရေးနိမ့်ခဲ့တဲ့ အယ်လ်နာဆာအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။