ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ အေဂျက် ၊ လီဗာပူး ၊ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို မကြာမီကမှ ဘရာဇီးလ်ကလပ် ဂရာမဲရိုးဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်က သူ့ရဲ့ ဂရာမဲရိုး ကစားသမားဘဝ ပွဲဦးထွက်မှာတင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် ဥရုဂွေး တိုက်စစ်မှူးကြီး ဆွာရက်ဇ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာပဲ ဘရာဇီးလ် နာမည်ကြီးကလပ် ဂရာမဲရိုးဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ဂရာမဲရိုးနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Record

ဆွာရက်ဇ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂရာမဲရိုးနဲ့ ဆာအိုလူးဝစ်တို့ရဲ့ ပွဲစဉ်မှာ ဂရာမဲရိုး ကစားသမား ဘဝ ပထမဦးဆုံးပွဲကို ဝင်ရောက် ကစားခဲ့ပြီး ဆွာရက်ဇ်ဟာ ဂရာမဲရိုးရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ကာ ပထမပိုင်းမှာတင် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ဂရာမဲရိုးက ဆာအိုလူးဝစ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တာ ဖြစ်ပြီး ဆွာရက်ဇ်က ပွဲချိန် ၅မိနစ် ၊ ၃၁မိနစ်နဲ့ ၃၈မိနစ်တို့မှာ သွင်းဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကာ ဂရာမဲရိုး အတွက် နောက်ထပ် သွင်းဂိုး ၁ဂိုးကို ပွဲချိန် ၁၆မိနစ်မှာ ဘီတယ်လိုက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဆာအိုလူးဝစ် အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၁၄မိနစ်မှာ ပေါ်လင်ဟိုက သွင်းယူပေးသွားခဲ့တာပါ။

Photo Credit: Record

ဂရာမဲရိုး ၄-၁ ဆာအိုလူးဝစ်ပွဲမှာ ဆွာရက်ဇ်က ဟက်ထရစ် သွင်းယူနိုင်ဖို့ အတွက် စုစုပေါင်း ၃၃မိနစ်သာ အချိန်ယူခဲ့ရပြီး ဂရာမဲရိုးရဲ့ ပရိသတ်တွေကတော့ ဆွာရက်ဇ်ရဲ့ ခြေစွမ်းတွေကို သဘောကျနေကာ ဆွာရက်ဇ်အတွက် ကိုယ်ပိုင်သီချင်းတောင် ရေးဖွဲ့နေကြပါတယ်။