ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ အေဂျက် ၊ လီဗာပူး ၊ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သလို လက်ရှိမှာ ဘရာဇီးလ်ကလပ် ဂရီမီယိုးမှာ ကစားနေတဲ့ လူးဝစ် ဆွာရက်ဇ်က မကြာခင်မှာ မေဂျာလိဂ် နာမည်ကြီးကလပ် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့တော့မယ်လို့ တောင်အမေရိကအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၆နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ယခုနှစ် အစပိုင်းမှာ ဥရုဂွေးကလပ် အယ် နေစီယွန်နယ် ကနေ ဘရာဇီးလ်ကလပ် ဂရီမီယိုးဆီ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး သူနဲ့ ဂရီမီယိုးကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ဒီဇင်ဘာလ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Standard

ဆွာရက်ဇ်က ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်နေပေမယ့် ဂရီမီယိုး အတွက် ၁နှစ်အတွင်းမှာ ပြိုင်ပွဲစုံ ၄၆ပွဲ အထိ ပါဝင် ကစားပေးခဲ့သလို အဆိုပါ ၄၆ပွဲမှာ သွင်းဂိုး ၁၉ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၆ကြိမ် ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ မက်ဆီ အပါအဝင် ဘာစီလိုနာရဲ့ ကြယ်ပွင့်ဟောင်းတွေကို ခေါ်ယူထားတဲ့ အင်တာ မိုင်ယာမီက ဆွာရက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကာလရှည် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ဆွာရက်ဇ်ကလည်း သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သူ လီယွန်နယ် မက်ဆီနဲ့ ပြန်လည် လက်တွဲခွင့် ရမယ့် အခွင့်အရေးကို လက်မလွှတ်ချင်ခဲ့ပါဘူး။

Photo Credit: UOL Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ UOL Sportsရဲ့ ဖော်ပြချက်အရ ဆွာရက်ဇ်နဲ့ အင်တာ မိုင်ယာမီတို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် အကြို သဘောတူညီမှု တရပ် ရရှိခဲ့ပြီး ဆွာရက်ဇ်က အင်တာ မိုင်ယာမီဆီ ၁နှစ်စာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ဆွာရက်ဇ်က အင်တာ မိုင်ယာမီဆီ ၁နှစ်စာချုပ်ထဲနဲ့ ပြောင်းရွှေ့ခဲ့တာ မှန်ပေမယ့် အင်တာ မိုင်ယာမီက သူ့ရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုကို သဘောကျရင် နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးကိုလည်း အကြို သဘောတူညီမှု စာချုပ်ထဲမှာ ထည့်သွင်းထားကြောင်း နီးစပ်ရာ သတင်းရင်းမြစ် တချို့က အခိုင်အမာ ဖော်ပြထားပါသေးတယ်။