ဥရုဂွေး ဝါရင့် တိုက်စစ်ကစားသမားကြီး လူးဝစ် ဆွာရက်ဇ်က သူရဲ့ လက်ရှိကလပ် အင်တာ မိုင်ယာမီအသင်းဟာ သူ့ကစားသမားဘဝရဲ့ နောက်ဆုံး ပါဝင်ကစားတဲ့ ကလပ်အသင်း ဖြစ်တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆွာရက်ဇ်က သူရဲ့ကစားသမားဘဝအတွင်း အေဂျက်စ် လီဗာပူးလ် ဘာစီလိုနာ အသက်လက်တီကိုတို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေမှာ သွားရောက် ကစားခဲ့ဖူးသလို အောင်မြင်မှုတွေ များစွာလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit : SportYou

မွေးရပ်မြေကလပ် နေစီယွန်နယ်အသင်းမှာ စီနီယာ ကစားသမားဝကို စတင်ခဲ့ရင်း အသက် (၁၉)နှစ်မှာပဲ နယ်သာလန်ကလပ် ဂရိုနင်ဂျန်အသင်းဆီ ရောက်ရှိခဲ့ပြီး ဥရောပမှာ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းခဲ့ရပါတယ်။ အဲ့ဒီကနေ အေဂျက်စ်ကို ရောက်ရှိသွားချိန်မှာတော့ ဆွာရက်ဇ်ရဲ့ ကစားသမားဘဝက ပိုမို တိုးတက်လာခဲ့ရပါတယ်။

၂၀၁၁ခုနှစ်မှာတော့ ဆွာရက်ဇ်ရဲ့ ကစားသမားဘဝ အလှည့်အပြောင်းကြီးအဖြစ် အေဂျက်စ်ကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိရင်း လီဗာပူးလ်မှာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ တောက်ပခဲ့တဲ့ ဆွာရက်ဇ်ကို ဘာစီလိုနာက ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူခဲ့ပြီး ဆွာရက်ဇ်ကလည်း ဘာစီလိုနာ အသက်လက်တီကိုနဲ့ လာလီဂါမှာ ကျင်လည်ခဲ့ရပါတယ်။

Photo Credit : Luis Suarez

၂၀၂၂ခုနှစ်မှာတော့ ဆွာရက်ဇ်က သူ့အသင်းဟောင်း နေစီယွန်နယ်ဆီ ပြန်သွားခဲ့ပေမယ့် အဲ့ဒီမှာ ကစားသမားဘဝကို အဆုံးမသတ်ခဲ့ပဲ ဘရာဇီးလ်ကလပ် ဂရီမဲရိုးဆီ ထပ်မံ ပြောင်းရွှေ့ခဲ့သလို အခုလည်း သူ့အသင်းဖော်ဟောင်း မက်ဆီရှိရာ အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

မိုင်ယာမီနဲ့ မေဂျာလိဂ် တစ်ရာသီအထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဆွာရက်ဇ်က “အင်တာ မိုင်ယာမီက ကျွန်တော်ရဲ့ နောက်ဆုံး ကလပ်အသင်း ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် ဒီအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ပါမယ်။ ဘယ်အချိန်မှာ ဖြစ်မလဲဆိုတာတော့ မသိသေးပေမယ့် ကျွန်တော် ဒီမှာပဲ ကျွန်တော့် ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားပါတယ်။” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။